(စ)-ဖားကန့် မြို့နယ်၊ ဒွန်ဘန်ကျေးရွာ အခြေစိုက် တပ်မတော်တပ်ရင်းက ဆန်၊ စက်သုံးဆီ အမျိုးမျိုး တို့ကို ပိတ်ပင်တားဆီး နေမှုများအား ဖယ်ရှားပေး ရန်နှင့်လွတ်လပ်စွာသယ်ယူခွင့်ပြုနိုင်ပါရန်မေတ္တာ ရပ်ခံ တင်ပြစာနှင့် ပတ်သက်၍ သိလိုခြင်း နှင့်စပ် လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြစ်ကြီးနား-နမ္မတီး-တနိုင်း-နန်းယွန်း-ပန်ဆောင်လမ်း(ဒေသအခေါ် လီဒို လမ်း)ပေါ်ရှိ ဖားကန့်မြို့နယ်၊ ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော်တပ်ရင်းက ဆန်၊ စက်သုံးဆီအမျိုးမျိုး တို့ကို သယ်ယူ ပို့ဆောင်ခြင်းအပေါ် ၂၀၁၆ ခုနှစ် ဧပြီလခန့်ကစတင်၍ တနိုင်းနယ်နှင့် နန်းယွန်းဘက်ကို သယ်သူ ပို့ဆောင် လျက်ရှိသော ဆန်များကို တပ်မတော်ပိုင်းက စိစစ်လာပြီး နိုဝင်ဘာလသို့ရောက်လာသောအခါ ဖားကန့်မြို့ နယ်ရှိ တပ်မတော်တပ်ရင်း၊ ခလရ(၂၉၈) အနေဖြင့် လုံးဝကန့်သတ်ပိတ်ပင် တားဆီးခဲ့ပါ ကြောင်းနှင့် ခွင့်ပြု ချက်ဖြင့်သာ သယ်ယူပို့ဆောင်ခွင်း ပြုခဲ့ပါကြောင်း၊ ထိုသို့ ပိတ်ပင်လာမှုသည် ကာလအားဖြင့် ခုနစ်လကျော်ခန့်ရှိပြီဖြစ်သောကြောင့် လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုအားနည်းသည့် တနိုင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင်နေသော နန်းယွန်းမြို့နယ်က ပြည်သူများအနေဖြင့် အခက်အခဲကြုံတွေ့နေရပါကြောင်း၊ ထို့ပြင် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေများဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများသည်လည်း အဆင်ပြေမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိအနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများကို ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ရာတွင်လည်း အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ ပြည်နယ်အုပ်ချုပ်ရေးကို ဆောင်ရွက်နေသော ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်၊ သဘောတူညီချက်များ မရှိပါဟု ဖြေကြားခဲ့ပါကြောင်း၊ တနိုင်းမြို့နယ်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ကချင်ပြည်နယ်လွှတ်တော်တွင် တနိုင်းမြို့နယ်သို့ စက်သုံးဆီကုန်တင်ကားများ၊ ဆန်ကုန် တင်ကားများ လွတ်လပ်စွာသယ်ယူရောင်းချ ခွင့်ပြုပါရန် အရေးကြီးအဆိုတင်သွင်းခွင့်ပြုခဲ့ပြီး အဆိုကို ကချင်ပြည်နယ်လွှတ်တော်က အတည်ပြု ပေးခဲ့ပါကြောင်း၊ ထိုသို့ အတည်ပြုခဲ့သော်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်မဟုတ်သည့်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယင်းအဆိုအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှု မရှိပါကြောင်း၊
ထို့ကြောင့် မြစ်ကြီးနား-နမ္မတီး-တနိုင်း-နန်းယွန်း-ပန်ဆောင်လမ်း(ဒေသအခေါ် လီဒိုလမ်း)ပေါ်ရှိ ဖားကန့် မြို့နယ်၊ ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော် တပ်ရင်းက ဆန်၊ စက်သုံးဆီအမျိုးမျိုးတို့ကို ပိတ်ပင် တားဆီးနေမှုများအား အမြန်ဆုံးဖယ်ရှားပေးနိုင်ပါရန်နှင့် ဆန်၊ စက်သုံးဆီအမျိုးမျိုးတို့ကို လွတ်လပ်စွာ သယ်ယူခွင့်ပြုနိုင်ပါရန်နှင့် ဆန်၊ စက်သုံးဆီအမျိုးမျိုးတို့ကို လွတ်လပ်စွာ သယ်ယူ ခွင့်ပြုနိုင်ပါရန် မေတ္တာရပ်ခံတင်ပြစာနှင့် ပတ်သက်၍ မည်ကဲ့သို့ သဘောထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။