(ဆ)-နေပြည်တော် စည်ပင်သာယာရေးကော်မတီ က စီမံကိန်း အကောင်အထည် မဖော်နိုင်သော မြေ များအား ပြန်လည်သိမ်းဆည်းကာ ခိုင်မာ တိ ကျသော မူဝါဒရေးဆွဲဆောင်ရွက်ရန်နှင့် ကျေးရွာ သစ်နှင့် ရပ်ကွက်သစ်များ ဖော်ထုတ်နေရာချထား ပေးရန် အစီအစဉ် ရှိ/ မရှိ တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-27

မေးခွန်း အကြောင်းအရာ 

thant zin tunနေပြည်တော်စည်ပင်သာယာကော်မတီမှ ပုဂ္ဂလိကသို့ မြေကွက်များနှင့် စီမံကိန်းမြေကွက်များ ဧကပေါင်းများစွာကို ရောင်းချထားသည့်အနက် အချို့စီမံကိန်းမြေများနှင့် လူနေထိုင်ရန် မြို့ကွက်မြေများသည် အကောင်အထည်ဖော်မှုမရှိဘဲ မြေကွက်လပ်များအဖြစ်သာရှိနေပါကြောင်း၊ နိုင်ငံတော်မှ အဆိုပါစီမံကိန်းများအတွက် အခြေခံ အဆောက်အအုံလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးထားသော်လည်း စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မှုမရှိခြင်းကြောင့် ရသင့်သောအခွန်ဘဏ္ဍာများမရရှိခြင်းနှင့် မြေသိမ်းဆည်းခံ ဒေသခံပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဆုံးရှုံးနေခြင်းများဖြစ်ပေါ်နေပါကြောင်း၊ နေပြည်တော်စည်ပင် သာယာ ရေးကော်မတီကိုယ်တိုင်ပင် စီမံကိန်းအကောင်အထည်မဖော်နိုင်သော မြေကွက်များလည်း ရှိနေပါကြောင်း၊

နေပြည်တော်မြို့သစ်စီမံကိန်းကြောင့် ဒေသခံပြည်သူတို့ နေထိုင်ရာ အချို့ကျေးရွာများ ပြောင်းရွှေ့ ခံရခြင်းနှင့် စိုက်ပျိုးမြေအမြောက်အမြားသိမ်းဆည်းခံရခြင်းများဖြစ်ပေါ်ခဲ့ပြီး ကျေးရွာရွှေ့ ပြောင်းခံ ရသူများကိုသာ အစားထိုးမြေကွက်များပြန်လည်ချထားပေးခဲ့ပါကြောင်း၊ ဒေသခံပြည်သူတို့၏ တိုးပွားလာသော လူဦးရေ၊ မြေသိမ်းဆည်းခံရခြင်းကြောင့် ကျေးရွာမြေတိုးချဲ့ရန်ခက်ခဲခြင်း၊ မြေတန်ဖိုးများကြီးမြှင့်ခြင်း၊ လူကြီးလူရွယ်များနှင့် ကျောင်းသားလူငယ်များ ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်နိုင်ရန်နှင့် ပျော်ပွဲရွှင်ပွဲနှင့်အခမ်းအနားများဆောင်ရွက်နိုင်ရန် ဘောလုံး ကွင်းနှင့် အများပိုင် မြေနေရာများမရှိခြင်း စသည်တို့ကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် လူနေမှုဘဝ များမြှင့်တင်ပေးနိုင်ရန်အတွက် ဘောလုံးကွင်းနှင့် အများပိုင်မြေနေရာများ ပါဝင်သော ရပ်ကွက်အသစ်များဖော်ထုတ်၍ နေရာချထားပေးရန်လိုအပ်နေပါကြောင်း၊ စားကျက်မြေများမရှိခြင်းကြောင့် ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများလည်း ထိခိုက်နေလျက်ရှိ သည့်အပြင် သိမ်းဆည်းမြေများနှင့်ပတ်သက်၍ တစ်ဧကလျှင် တစ်သိန်း၊ နှစ်သိန်း၊ နှစ်သိန်းခွဲ၊ သုံးသိန်းခွဲနှုန်းဖြင့် ထောက်ပံ့ကြေးရခဲ့ကြသော ဒေသခံ တောင်သူများအနေဖြင့် နိုင်ငံတော်မှ တစ်စုံတစ်ရာထပ်မံထောက်ပံ့ပေးရန် မျှော်လင့်နေခဲ့ကြပါကြောင်း၊

          သို့ဖြစ်ပါ၍ (က) နေပြည်တော်စည်ပင်သာယာရေးကော်မတီကိုယ်တိုင် စီမံကိန်းအကောင် အထည်မဖော်နိုင်သည့် မြေကွက်များနှင့် အကောင်အထည်ဖော်နိုင်တည်ဆောက်လုပ်ကိုင်နေထိုင် ခြင်းမရှိသော မြို့မြေကွက်များ၊ စီမံကိန်းမြေကွက်များအား ပြန်လည်စိစစ်၍ စီမံကိန်း အကောင် အထည် မဖော်နိုင်သောမြေများအား ပြန်လည်သိမ်းဆည်းကာ နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးအတွက် ခိုင်မာ တိကျသော မူဝါဒရေးဆွဲအကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိ။ (ခ) ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် လူနေမှုဘဝများမြှင့်တင်ပေးနိုင်ရန်အတွက် ကျေးရွာအသစ်များနှင့် ရပ်ကွက် အသစ်များဖော်ထုတ်၍ နေရာချထားပေးရန်အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။