(ဂ)-အုတ်တွင်းမြို့နယ်ရှိ (၂၅) ခု တင်ဆံ့မြို့ နယ်ပြည်သူ့ဆေးရုံကိုခုတင်(၅၀)ဆံ့စံကိုက် ဖွဲ့စည်းပုံ အသစ်တိုးမြှင့်ဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-06-29

မေးခွန်း အကြောင်းအရာ 

daw cho choအုတ်တွင်းမြို့နယ်သည် ပဲခူးရိုးမတောင်ခြေတွင် တည်ရှိပြီး မြောက်ဘက်တွင် တောင်ငူမြို့နယ်၊ တောင် ဘက်တွင် ဖြူးမြို့နယ်၊ အရှေ့ဘက်တွင် စစ်တောင်းမြစ်စီးဆင်းပြီး အနောက်ဘက်တွင် ပဲခူးရိုးမ တောင်တန်းကြီး ရှိပါကြောင်း၊ ဒေသခံပြည်သူအချို့သည်  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ကြပြီး မြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများ မရှိသလောက် ရှားပါးသည့်အတွက် ဒေသခံပြည်သူအများစုက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး အလုပ်အကိုင် အတည်တကျမရှိကြသော အခြေခံလူတန်းစားများ ဖြစ်ကြသောကြောင့် ကျန်းမာရေးကိုလည်း ဂရုမစိုက် နိုင်ကြဘဲ နေမကောင်းဖြစ်မှသာ ဆေးရုံ၊ ဆေးခန်းများကို တက်ရောက်ကုသကြပါကြောင်း၊

ယခုကဲ့သို့ မိုးရာသီရောက်ပြီဆိုပါက လယ်ယာလုပ်ငန်းခွင်တွင် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ အအေးမိဖျားနာစသည်ဖြင့် ရောဂါပေါင်းစုံ ဖြစ်ပွားလျက် ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် မြို့ပြများတွင် သွားရောက်ဆေးကုသရန် လွယ်ကူခြင်း မရှိပါကြောင်းနှင့် အစိုးရဆေးရုံ၊ ဆေးပေးခန်းများကိုသာ အားကိုးနေကြရပါကြောင်း၊ အုတ်တွင်းမြို့နယ်တွင် မြို့နယ်ဆေးရုံ တစ်ခု၊ တိုက်နယ်ဆေးရုံ နှစ်ခုနှင့် ကျေးလက်ဆေးပေးခန်း ငါးခုရှိပါ ကြောင်း၊ ကျေးရွာအုပ်စုပေါင်း ၄၀ ကျော်ရှိ ကျေးရွာပေါင်း ၂၀၀ ကျော်က ပြည်သူများ အားထား နေကြသော ပြည်သူ့ဆေးရုံသည်  တက်ရောက် ကုသလာကြသောလူနာများ များပြားလာသည့်အတွက် ကြပ်တည်းမှုများဖြစ်ပြီး ဆေးရုံ အဆင့်သို့ တိုးမြှင့်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိုးရာသီတွင် အုတ်တွင်းမြို့နယ် ဆေးရုံအတွင်း ရေကြီးခြင်းများဖြစ်ပေါ်သည့်အတွက် တက်ရောက်ကုသသော လူနာများ အနေဖြင့် လွန်စွာဒုက္ခရောက် နေကြပါကြောင်း၊

အုတ်တွင်းမြို့နယ်ဆေးရုံသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခုတင်အဆင့်တိုးမြှင့်ရန် လိုအပ်သော အခြေခံမူများ၊ အညွှန်းကိန်းများနှင့် နီးစပ်စွာရှိနေသည့်အပြင် ဆေးရုံအဆင့်တိုးမြှင့်ရန် အတွက် မြေနေရာလည်း အဆင်သင့်ရှိနေပြီဖြစ်သည့်အတွက် ၂၅ ခုတင်ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံကို ခုတင် ၅၀ ဆံ့ စံကိုက်ဖွဲ့စည်းပုံအသစ်သို့ တိုးမြှင့်ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။