(ဃ)-ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည် နယ်အတွင်း စုံစမ်းစစ်ဆေးနိုင်ရန် အချက် အလက်ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့ကို မြန်မာနိုင်ငံသို့စေလွှတ်ရန် ဆုံးဖြတ်ချက်အပေါ် မည်သို့စီစဉ် ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
လူ့အခွင့်အရေးကောင်စီက မတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို မဲမခွဲဘဲ အတည်ပြုချမှတ်ခဲ့သည့်အပြင် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးဆိုင်ရာစွပ်စွဲချက်များ၊ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် စပ်လျဉ်းပြီး နိုင်ငံတကာ အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံသို့ စေလွှတ်ရန်ဟူ၍ ပါရှိခဲ့ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်သည်လည်း လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေအစီရင်ခံစာနှင့် OHCHR က တစ်ဖက်နိုင်ငံကို အဖွဲ့ဝင်လေးဦးပါ အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး စုံစမ်းပြုစုတင်ပြခဲ့သည့် Flash Report အပေါ် အခြေပြုဆုံးဖြတ်ခဲ့ခြင်း၊ Flash Report ပြုစုသည့်နည်းလမ်း Methodology ကလည်း ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးလာခဲ့သည်ဆိုသည့် ၇၅၀၀၀ ဦး အနက် ၂၂၀ ဦးနှင့် တွေ့ဆုံမေးမြန်းအစီရင်ခံခဲ့သော Flash Report အပေါ် သုံးသပ်ဆုံးဖြတ်ခဲ့ခြင်းများ ဖြစ်ပါ ကြောင်း၊ အစီရင်ခံစာပါတွေ့ရှိချက်များ မှန်ကန်ကြောင်း သီးခြားလွတ်လပ်သည့် ထောက်ခံ တင်ပြချက်များမပါရှိပါကြောင်း၊
၎င်းနေ့မှာပင် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်းပြီး ကျိုးကြောင်း ဖော်ပြချက်များနှင့် ဆုံးဖြတ်ချက်တစ်ခုလုံးကို သဘောတူ လက်ခံပါဝင်ခြင်းမရှိကြောင်း Dissociated ပြုလုပ်ခဲ့ပါကြောင်း၊ သို့သော် လူ့အခွင့်အရေးကောင်စီက မေလ ၃၀ ရက်နေ့တွင် နိုင်ငံ တကာအချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့တစ်ဖွဲ့ကို နိုင်ငံတကာကျွမ်းကျင် ပညာရှင်များနှင့် ဖွဲ့စည်းခဲ့ကြောင်းနှင့် လပိုင်းအတွင်း စေလွှတ်ရန် မြန်မာနိုင်ငံ၏ သဘောထားကို ပစ်ပယ်ပြီး ဆောင်ရွက်ခဲ့မှုကြောင့် စိတ်မကောင်းဖြစ်မိပါကြောင်း၊
လူ့အခွင့်အရေးကောင်စီအနေဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ၂၅ နိုင်ငံကို စုံစမ်းရေး အချက်အလက်ရှာဖွေရေးနှင့် အခြားအဖွဲ့များ ဖွဲ့စည်းစေလွှတ်ခဲ့ရာတွင် အချို့နိုင်ငံများက လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ကန့်ကွက်ခဲ့ပြီး ၎င်းကောင်စီက တာဝန် ပေးအပ်သူများကိုပင် လာရောက်ခွင့်မပြုခဲ့သည်ကိုပင် လေ့လာတွေ့ရှိရပါကြောင်း၊
၂၀၁၆ ခုနှစ် အောက်တိုဘာလ မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်မှုများတွင် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်မှုရှိနေကြောင်း၊ ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ၌ အရှေ့ တောင်အာရှတွင် အကြမ်းဖက်အန္တရာယ်အလွန်မြင့်မားလာကြောင်းနှင့် အရှေ့အလယ်ပိုင်းက ပြန်လာမည့် IS များ ဒေသတွင်း ရောက်ရှိပါက အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဆောင်ရွက်လာနိုင် ကြောင်း သိရှိရပြီးနောက် မေယုတောင်ကြောပေါ် အကြမ်းဖက် သင်တန်းစခန်း တွေ့ရှိချက်သည် အဆိုပါ သတင်းများ မှန်ကန်မှုကို အတည်ပြုပေးနေပါကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံအတွက် အကြမ်းဖက် အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးယူဆောင်ရွက်ရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများက ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန်ကိုပင် အင်မတန် သတိထားဆောင်ရွက်ရမည့်အခြေအနေဖြစ်နေသည့်အတွက် ယင်းဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွက် နိုင်ငံရေးထောင်ချောက်သဖွယ်ဖြစ်နေပါကြောင်း၊
ထို့ကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်အတွင်း စုံစမ်းစစ်ဆေးနိုင်ရန် အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ (Fact Finding Mission) တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသို့ စေလွှတ်ရန် ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် ထိရောက် လုံလောက် သော တားဆီးကန့်သတ်မှု ပြုလုပ်ရန် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။