(ဂ)-အင်းတော်မြို့နယ်တွင် အားကစားခန်းမ၊ မြို့ နယ်အားကစားနှင့် ကာယပညာရုံး ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
အားကစားခန်းမနှင့် အားကစားရုံးအဖြစ် အသုံးပြုနေသည့် အဆောက်အဦ အလျား ၁၅၅ ပေ၊ အကျယ် ပေ ၇၀ နှင့် အမြင့် ၂၉ ပေ၊ အကျယ်အဝန်း ၁.၀၆၆ ဧကဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ၁၉၈၀ ခုနှစ်တွင် မြို့လူထု၏ ငွေအင်အား၊ လူအင်အားဖြင့် မြို့တော်ခန်းမအဖြစ် တည်ဆောက်ခဲ့ပြီး နိုင်ငံတော်ပံ့ပိုးငွေ လုံးဝမပါရှိခဲ့ပါကြောင်း၊ မြအင်းသာခန်းမဟု အမည်ပေးထားပြီး လူထုတွေ့ဆုံပွဲများ၊ စာပေဟောပြောပွဲများနှင့် ဇာတ်ပွဲများ၊ အငြိမ့်၊ စတိတ်ရှိုးစသည့် ဖျော်ဖြေပွဲများကို ၎င်းခန်းမထဲတွင် လုပ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ အားကစားဦးစီးဌာနနှင့် မြို့နယ်အာဏာပိုင်များ၊ မြို့မှလောင်းကစားဒိုင်ကြီးများက အဓိကပံ့ပိုးပြီး နောက်ကွယ် တွင် လောင်းကစားဖြင့် ငွေရှာရန်အဓိက လုပ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းခန်းမသည် အားကစား ဦးစီးဌာန၏ တရားဝင်ပိုင်ဆိုင်မှု ပြနိုင်သည့်ခန်းမမဟုတ်ပါကြောင်း၊ ခေတ်စနစ်များ ပြောင်းလာသည့် အချိန်တွင် လူထုက မြို့နယ်ခန်းမ လိုအပ်နေပြီး အားကစားခန်းမနှင့်ရုံးကို သင့်တော်ရာနေရာသို့ ပြောင်းရွှေ့ဆောက်လုပ်ပေးရန် တိုင်းဒေသကြီးအစိုးရထံကို အဆင့်ဆင့်တောင်းခံ ခဲ့ကြပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းစည်ပင်သာယာက ဖျက်သိမ်းခွင့်ပေးရန် ကြန့်ကြာနေပါကြောင်း၊ အင်းတော်မြို့နယ်တွင် လောင်းကစားများ၊ မူးယစ်ဆေးဝါးများ များပြားနေသော်လည်း အင်းတော်၏ အားကစားအဆင့်အတန်း မနိမ့်ကျသည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၇၀ မှ ၂၀၁၆ ခန့်အထိ ဘောလုံး၊ ဘတ်စကက်ဘော၊ ဘောလီဘော၊ ကြက်တောင်၊ တင်းနစ်တို့တွင် တိုင်းလက်ရွေးစင်၊ မြန်မာ့လက်ရွေးစင်ပါ ၅၀ ဦးခန့် ထွက်ပေါ်နေပါကြောင်း၊ ယခုလက်ရှိ U 23 မြန်မာ့လက်ရွေးစင်အသင်းတွင် အင်းတော်မြို့နယ်မှ နှစ်ဦးပါဝင်ကစားနေပါကြောင်း၊ ထို့အပြင် ရန်ကုန်အားကစားသိပ္ပံတွင် တက်ရောက်နေသည့် ကျောင်းသူများ အာဆီယံဒေသတွင်း ပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစားတံဆိပ်များ ယူပေးလျက်ရှိပါကြောင်း၊
ထိုခန်းမကြီးကို မြို့နယ်ခန်းမအဖြစ် ပြုပြင်အသုံးပြုရန် သိန်း ၅၀၀ နှင့် ပစ္စည်းများစုဆောင်း နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရိုင်အားကစားမှူးကိုယ်တိုင် လာရောက်ကွင်းဆင်းပြီး ဘတ်စကတ်ဘော မိုးလုံလေလုံကွင်းတစ်ခု တည်ဆောက်ရန် မြေပြင်ကွင်းဆင်းတိုင်းတာသွားပါကြောင်း၊ သို့ပါ၍ လိုအပ်လျက်ရှိသည့် အားကစားခန်းမ၊ မြို့နယ်အားကစားနှင့် ကာယပညာရုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။