(ဃ)-ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံအား(၂၅) ခုတင်ဆံ့ဆေးရုံမှ (၅၀) ခုတင်ဆံ့ဆေးရုံ အဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပုဏ္ဏားကျွန်းမြို့နယ်သည် အရှေ့မှအနောက်သို့ (၂၁) မိုင်၊ တောင်နှင့်မြောက် (၂၅) မိုင် ရှည်လျားပြီး အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်နှင့် ပေါက်တောမြို့နယ်၊ တောင်ဘက်တွင် စစ်တွေမြို့နယ်၊ အနောက်ဘက်တွင် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်၊ မြောက်ဘက်တွင် ကျောက်တော်မြို့နယ်တို့ ထိစပ်လျက်ရှိပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်သည် ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု ၉၂ အုပ်စု၊ ကျေးရွာပေါင်း ၁၉၃ ရွာ၊ မြို့နယ်၏ လူဦးရေ ၁၃၇၀၀၀ ကျော်ရှိပြီး ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ရှိပါကြောင်း၊ စစ်တွေမြို့မှ ၂၃ မိုင်ကွာဝေးပြီး ရေလမ်း ၃ နာရီခန့်၊ ကားလမ်း ၁ နာရီ ၁၅ မိနစ်ခန့် သွားလာရပါကြောင်း၊ မြို့နယ်ဆေးရုံ မြေနေရာအကျယ်အဝန်းမှာ ၁၀.၇၄ ဧကရှိပါကြောင်း၊ ၁၀-၈-၂၀၀၇ ရက်နေ့တွင် ၁၆ ခုတင်ဆံ့မှ ၂၅ ခုတင်ဆံ့ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးခဲ့သော်လည်း ယခင် ၁၆ ခုတင်ဆံံ့ ဆေးရုံအတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခဲ့ရပါကြောင်း၊ ၂၅ ခုတင်ဆံံ့ဆေးရုံအဆောက်အဦ တိုးချဲ့ဆောက်လုပ်ခွင့် မရရှိခြင်းကြောင့် မြို့နယ်ဆေးရုံတွင် မြို့နယ်အတွင်းရှိ လူနာများသာမက ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကုလားတန်မြစ်တစ်ဖက် ကမ်းတွင်ရှိ မြောက်ဦးမြို့နယ်၏ အနောက်ပိုင်းကျေးရွာများ၊ ပေါက်တောမြို့နယ်၏ အနောက်ပိုင်းကျေးရွာများမှ လူနာများကို လက်ခံကုသမှု ပေးနေရပါကြောင်း၊ လက်ရှိဆေးရုံတွင် လူနာများလာလျှင် အဆောက်အဦ မလုံလောက်သည့်အတွက် ဆေးရုံအဆောက်အဦ အသစ်များ တိုးချဲ့ဆောက်လုပ်ပေးရန် လိုအပ်နေပါကြောင်း၊ ယခုအခါ ပုဏ္ဏားကျွန်းစက်မှုဇုန် တည်ဆောက်ရန် မြေနေရာ၊ ကျင်ချောင်းရေလှောင် တာတမံလမ်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဏ္ဏားကျွန်း မြို့နယ် ပြည်သူ့ဆေးရုံအား (၂၅) ခုတင်ဆံ့ဆေးရုံမှ (၅၀) ခုတင်ဆံ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။