(င)-တိုင်းဒေသကြီးပြည်သူ့ဆေးရုံ၊ ခရိုင်ပြည်သူ့ ဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးများတွင် အချုပ် တရားခံများ ဆေးကုသရန်အတွက် သီးခြားအခန်း များ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

2017-06-30

မေးခွန်း အကြောင်းအရာ 

u tun tunမိမိတို့နိုင်ငံတွင်  တရားဥပဒေ၏ အပြစ်ပေးခြင်းကိုခံယူရန်အတွက် အချုပ်ခန်းများတွင် တရားခံများကို ဖမ်းဆီးချုပ်နှောင်ထားလေ့ရှိပါကြောင်း၊ ထိုသို့ိုဖမ်းဆီးခံရသော တရားခံများသည် ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှုခံယူသည့်အခါ တရားခံများအတွက် ဆေးရုံ၊ဆေးခန်းများတွင် သီးခြားအခန်းများမရှိသည့် အတွက် ခြေထိပ်၊ လက်ထိပ် လုံခြုံရေးအပြည့်အဝဖြင့် ဆေးကုသမှုခံယူရသောကြောင့် ကုသရသောဆရာ၊ ဆရာမများနှင့် အခြားလူနာများအတွက် စိတ်မချမ်းမြေ့စရာ၊ စိတ်မသက်သာစရာ၊ စိတ်အနှောင့်အယှက် များဖြစ်ပေါ်ရခြင်း၊ လုံခြုံရေးအနေဖြင့် ရဲအင်အားများဖြင့် စောင့်ရှောက်ရခြင်း၊ အခန့်မသင့်လျှင် တရားခံများထွက်ပြေး တိမ်းရှောင်ခြင်းများ ဖြစ်ပေါ်သည်ကို တွေ့ရှိရပါကြောင်း၊

ဥပမာ မိမိတို့ မကွေးတိုင်းဒေသကြီးတွင် ခရိုင် ၅ ခု၊ မြို့နယ် ၂၅ မြို့နယ်ရှိသည့်အနက် ပေါက်မြို့နယ် ပြည်သူ့ဆေးရုံတစ်ခုတည်းတွင်သာ ဆေးရုံအချုပ်ခန်းရှိပြီး ကျန် ၂၄ မြို့နယ်တွင် ဆေးရုံအချုပ်များ လုံးဝမရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်မြို့နယ်များအလိုက် အချုပ် တရားခံများ ဆေးကုသမှုခံယူသော စာရင်းတွင် ကျား ၉၄ ဦး၊ မ ၂၆ ဦး စုစုပေါင်း ၁၂၀ ဦး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူပါကြောင်း၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၂၈ (ဃ) တွင် နိုင်ငံတော်သည် ပြည်သူများ၏ပညာရေးနှင်‌့ ကျန်းမာရေးတိုးတက်စေရန်အတွက် အလေးထား ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ အခန်း(၈) ပုဒ်မ ၃၆၇ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်သော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင်‌့အညီ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်ဟု လည်းကောင်းပါရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးပြည်သူ့ဆေးရုံ၊ ခရိုင်ပြည်သူ့ဆေးရုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံများတွင် အချုပ်တရားခံများ ဆေးကုသရန်အတွက် သီးခြားအခန်းများ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။