(စ)-စစ်ကိုင်းမြို့တွင်းဖြတ်သန်းသွားသောမန္တလေး စစ်ကိုင်း၊မုံရွာ၊ရွှေဘိုအဝေးပြေးလမ်းမကြီးမြို့တွင်း (၆) မိုင်အား မြို့ရှောင်လမ်း တစ်ရပ် ဖောက်လုပ် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-07-06

မေးခွန်း အကြောင်းအရာ 

u khin maung theinစစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော် စစ်ကိုင်းမြို့အတွင်း ဖြတ်သန်းသွားသော မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ အဝေးပြေးလမ်းမကြီးသည် စစ်ကိုင်းမြို့တွင်း အသင်္ခါရာအဝိုင်း မိုင်တိုင် (၁၄/၁) မှ စစ်ကိုင်းမြို့အထွက် မိုင်တိုင် (၂၀/၁) အထိ မြို့တွင်းလမ်းအရှည် ၆ မိုင်သည် နေ့စဉ်ယာဉ်ကြီး၊ ယာဉ်ငယ်ပေါင်း ထောင်သောင်းချီပြီး အရှိန်ပြင်းစွာ ဖြတ်သန်းမောင်းနှင်လျက်ရှိသည့်အတွက် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်နေခြင်း၊ ဖြတ်သန်းရာလမ်းတစ်လျှောက်တွင် ရွှေသမား ဘုန်းတော်ကြီးစာသင်ကျောင်း၊ ရွာထောင် အ.မ.က(၁၅)၊ ရွာထောင် အ.ထ.က(၃)၊ နည်းပညာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်တို့ ရှိသည့်အတွက် ကျောင်းသူကျောင်းသားများ၊ ရပ်ကွက်နေ ပြည်သူများနှင့် ကလေးသူငယ်များ လမ်းဖြတ်ကူးရန်ပင် အခက်အခဲဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် မြို့ရှောင်လမ်းတစ်ခု ဖောက်လုပ်ရန် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က နေပြည်တော် လမ်းပုံထုတ်ဌာနမှ လက်ထောက် အင်ဂျင်နီယာ(မြို့ပြ) ဦးစိန်လွင်နှင့်အဖွဲ့က စစ်ကိုင်းမြို့၊ မြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်ရန် လျာထားသော ဦးစားပေးအဆိုပြု(၁)လမ်းအဖြစ် အသင်္ခါရာအဝိုင်းမှ ညောင်ပင်ဇင် ရွာအထိ ၆ မိုင် ၂ ဖာလုံ၊ ဒုတိယဦးစားပေးအဆိုပြု(၂)လမ်းအဖြစ် အသင်္ခါရာအဝိုင်းမှ ညောင်ပင်ဇင်ရွာ အထိ ၆ မိုင် ၄ ဖာလုံ လမ်းများကို ခန့်မှန်းတွက်ချက်မှု ကုန်ကျမည့်ငွေပမာဏနှင့်တကွ ကွင်းဆင်း ကြည့်ရှုခဲ့ကြပါကြောင်း၊ ၎င်းလမ်းမြေပုံများနှင့်တကွ ပူးတွဲ ခြောက်စောင်ကို လွှတ်တော်သို့ တစ်ပါတည်း တင်ပြပြီးဖြစ်ပါကြောင်း၊ ဦးစားပေးအမှတ်(၁)လမ်းသည် ကောင်းမှုတော်အင်းကြီးက မြို့တွင်းကို ရောက်သွားမည်ဖြစ်ပြီး မြို့ကိုလည်း တိုးချဲ့ပြီးသားဖြစ်သွားမည် ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့တွင်း ဖြတ်သန်းသွားလာသော မန္တလေး-စစ်ကိုင်း-ရွှေဘို-မုံရွာ အဝေးပြေးလမ်းမကြီး မြို့တွင်း ၆ မိုင်သည် စာသင်ကျောင်းများနှင့် ရပ်ကွက်များအတွင်း ဖြတ်သန်းပြီး ယာဉ်အသွားအလာ များပြားထူထပ်လာသည့်အတွက် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခြင်း၊ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရ ခြင်းများဖြစ်ပေါ်နေပါ၍ အမှန်တကယ် လိုအပ်နေသော မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် နိုင်ငံတော်အစိုးရမှ အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။