(က)-ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေကျပ် (၁၅) သိန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-07-07

မေးခွန်း အကြောင်းအရာ 

u kyaw shweပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲစနစ်ဖြင့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်၍ လွှတ်တော်အသီးသီးကို ဖွဲ့စည်းပြီး နိုင်ငံရေး အခင်းအကျင်းပုံစံအသစ်ဖြင့် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ကျင်းပပေးခဲ့ပြီး ပြည်သူလူထုက ၎င်းတို့သဘောဆန္ဒဖြင့် ရွေးချယ်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်အသီးသီးကို ထုတ်ပြန်ကြေညာ ပေးခဲ့ပါကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ကန့်ကွက်လွှာတင်သွင်းလိုက ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်း ဥပဒေထုတ်ပြန်ထားရာ ကန့်ကွက်လွှာအမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံရုံးများဖွဲ့ပြီး ကြားနာစစ်ဆေး၍ ဆုံးဖြတ်ပေးခဲ့ရပါကြောင်း၊ ကန့်ကွက်လွှာတင်သွင်းမှုတွင် အမှုရှုးနိမ်‌့သူက အနိုင်ရသူအား စရိတ်ငွေ ၁၅ သိန်းကျပေးချေရန် ဆုံးဖြတ်ပေးခဲ့ပါကြောင်း၊ ကန့်ကွက်လွှာတင်သွင်း၍ ရှုံးနိမ့်သူက မကျေနပ်၍ ထပ်မံ၍ အယူခံတင်သွင်းသောအခါတွင်လည်း ထပ်မံရှုံးနိမ့်ခဲ့လျှင် နောက်ထပ်စရိတ်ငွေ ၁ သိန်းကျပ် ကို ပေးသွင်းရန် ဆုံးဖြတ်ပေးခဲ့ပါကြောင်း၊ ဤသည်ကို ရွေးကောက်ပွဲတွင် ရှုံးနိမ်‌့သူက ကန့်ကွက်လွှာတင်သွင်းမှုမျိုး ပြုလုပ်လာသောအခါ ရွေးကောက်ပွဲတွင် အနိုင်ရထားသူသည် တစ်ဖက်မှတင်သွင်းလာသော ကန့်ကွက်လွှာကို ချေဖျက်နိုင်ရန် အကျိုးဆောင်ရှေ့နေ ငှားရမ်းရခြင်း၊ ခိုင်မာသောသက်သေများကို တင်သွင်း၍ ချေဖျက်ရခြင်းတို့ကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပန်းပြီး ပြည်သူ့ကိုယ်စား လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် အနှောင့်အယှက် အခက်အခဲများ ကြုံတွေ့ကြရပါကြောင်း၊

၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာတင်သွင်းရာ၌ အမှုရှုံးနိမ့်သူက အမှုအနိုင်ရသူအား စရိတ်ငွေ နှစ်သိန်းကျပ်သာပေးချေရန် ဆုံးဖြတ်ပေးခဲ့ပါကြောင်း၊ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သူက နည်းလမ်းအမျိုးမျိုး၊ သက်သေအမျိုးမျိုးကို တင်ပြ၍ကန့်ကွက်မှုများကို ကန့်ကွက်လွှာတင်သွင်းခံရ သူသည် အချိန် ၉ လ၊ ၁၀ လခန့်ကြာအောင် အမှုစစ်ဆေးခံရခြင်းကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဖြစ်ရပါကြောင်း၊ ကန့်ကွက်လွှာတင်သွင်းမှုနှင့် အယူခံလွှာတင်သွင်းမှုတို့ကို ရွေးကောက်ပွဲကော်မရှင်က စနစ်တကျကြားနာစစ်ဆေးပြီး စရိတ်များကို ရှုံးနိမ့်သူကသာ ကျခံပေးသွင်းစေသောကြောင့် နိုင်ငံတော်ဘဏ္ဍာမှ ကျခံသုံးစွဲခြင်းမဟုတ်သဖြင့် အမှုအနိုင်ရသူအတွက် အမှန်တကယ်ကုန်ကျသောစရိတ်ကို မကာမိနိုင်သော်လည်း ကုန်ကျစရိတ်နှင့် နီးစပ်နိုင်ရေးအတွက် ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲကဲ့သို့ စရိတ်ကိုကျခံပေးသင့် စေလိုပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေကို ယခင်ကာလများကကဲ့သို့ ၁၅ သိန်းကျပ် ပေးချေနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်မရှိသည်ကို သိရှိလိုပါကြောင်းနှင့် အယူခံလွှာတင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေကို ယခုကဲ့သို့ တစ်သိန်းကျပ် မဟုတ်ဘဲ တိုးမြှင့်နိုင်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။