(စ)-ဟုမ္မလင်းမြို့နယ်အတွင်းရှိ ၂၀၁၇-၁၈ တွင် တည်ဆောက်ရန် ဘတ်ဂျက်ကျသည့် ကျောင်းများအား ကျေးရွာကော်မတီ ဆောက်လုပ်ခွင့်တောင်းခံပါက ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-07-07

မေးခွန်း အကြောင်းအရာ 

u myo nyuntယနေ့အချိန်တွင် ကျောင်းများကို အစိုးရက ဘတ်ဂျက်ချပေးပြီး တင်ဒါအောင်သော ကုမ္ပဏီများနှင်‌့ ဆောက်လုပ်ကြပါကြောင်း၊ ၂၀၁၆-၂၀၁၇ အတွင်း ဆောက်လုပ်ခွင့်ရကျောင်းများကို သွားရောက် ကြည်‌့ရှုရာတွင် အရမ်းအမြင့် စံချိန်မမီခြင်းများကိုတွေ့ရှိရပါကြောင်း၊ ခန်းဖွင်‌့အရ ၁၂ ပေ ရှိရ မည်ကို ၆ လက်မလျော့ (သို့) ၈ လက်မလျော့ခြင်း၊ အသုံးပြုထားသည့် သစ်သားများ စံချိန် မမီခြင်း၊ အသားအစားထိုးအသုံးပြုခြင်း၊ အသုံးပြုသည့် အုတ်များ အုတ်စံချိန်မမီခြင်း၊ ဘိလပ်မြေ အချိုးအစား လျော့နည်းခြင်း၊ ခေါင်မိုးသွပ် အရည်အသွေးစံချိန်မမီခြင်း၊ လက်ရာသေသပ်မှု မရှိခြင်း၊ ကျွမ်းကျင်မှုမရှိခြင်း စသည့် ချို့ယွင်းချက်ပေါင်းများစွာကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊

ကိုယ်ထူကိုယ်ထကျောင်းဆောင်ဖြစ်သည့် မူလွန်တောင်ကာကျောင်းသည် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် ကျောင်းဖြစ်ပါကြောင်း၊ ကျောင်းဆောက်လုပ်ရာတွင် အသုံးပြုထားသည့် Frameများ၊ သစ်သားများကအစ အရည်သွေးပြည့်မီသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကိုယ်ထူကိုယ်ထကျောင်းဆောင်များဖြစ်ကြသည့် သာစည်ရွာကျောင်းဆောင်၊ အ.လ.က(ခွဲ)ပင်းဖာ ကျောင်း၊ အ.ထ.က(ကက်သာ)ကျောင်းများသည်လည်း စံချိန်မီသောကျောင်းများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးရွာကော်မတီက ဆောက်လုပ်သော ကျောင်းများ၊ ကျေးရွာက ကိုယ်ထူကိုယ်ဆောက်လုပ်သောကျောင်းများသည်  သေသပ်လှပခိုင်ခန့်မှု ရှိပြီး ကုမ္ပဏီက ဆောက်လုပ်ပေးသော ကျောင်းများနှင့် ကွာခြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ၂၀၁၇-၁၈ တွင် တည်ဆောက်ရန် ဘတ်ဂျက်ကျသည်‌့ ကျောင်းများအား ကျေးရွာကော်မတီ ဆောက်လုပ်ခွင်‌့တောင်းခံပါက ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။