(ခ)-ရှမ်းပြည်နယ် မြောက်ပိုင်း၊ မယ်ဟန်-မိုင်းရယ် ပျက်စီးကားလမ်းအဆင့်မြှင့်တင် ပြုပြင်ခြင်း ၂၀၁၇ -၁၈ ဘဏ္ဍာရေးနှစ် လျာထားချက်တွင် ပါဝင်မှု မရှိ ခြင်နှင့်လမ်း၊တံတားလုပ်ငန်းများအတွက်မည်သည့် မူဝါဒဖြင့် ရန်ပုံငွေ ခွဲဝေ လျာထားသည် တို့နှင့်စပ် လျဉ်းသည့် မေးခွန်း

2020-12-01

မေးခွန်း အကြောင်းအရာ 

sai thiha kyawဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လားရှိုး-မယ်ဟန်-မိုင်းရယ်-ကျေးသီး ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၂၉၀.၆၂၅  သန်းဖြင့် ၁၈ ပေ အကျယ် ကတ္တရာလမ်းခင်းခြင်း ၇ မိုင် ၄ ဖာလုံကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပျက်စီးနေသောလမ်းအပိုင်းကို အထူးပြင်ဆင်ထိန်သိမ်းခြင်း ရန်ပုံငွေနှင့် ပြင်ဆင်ထိန်းသိမ်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိသော ၇၁ မိုင် ၁ ဖာလုံကို ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်ပေးသွားမည်ဟု ‌ဖြေကြားခဲ့ပါကြောင်း၊

မယ်ဟန်-မိုင်းရယ်ကားလမ်းအပိုင်းသည် လူစီးယာဉ်၊ ကုန်တင်ယာဉ်များနှင့် နေ့စဉ် အစီး ၃၅၀ ခန့် အများအပြား ဖြတ်သန်းသွားလာအသုံးပြုနေရသည့်အတွက် ၁၈ ပေအကျယ် ကားလမ်းဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ အချို့လမ်းအပိုင်းများတွင် ကျဉ်းမြောင်းပြီး‌ ယာဉ်တစ်စီးနှင့်တစ်စီး တိမ်းရှောင်ရန်ခက်ခဲ၍ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်းများရှိသည့်အတွက် အမြန်ပြုပြင်ဆောင်ရွက်ပေးရန် တောင်းဆိုရခြင်းဖြစ်ပါကြောင်း၊ ယခုတင်ပြသောလမ်းအပိုင်းကို တိုးချဲ့ ဆောင်ရွက်ပေးရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ရန်ပုံငွေ အနည်းငယ်သာ ချထားပေးသည့်အတွက် ကောင်းမွန်သော လမ်းတစ်ခုရရှိရန် နှစ်ချီစောင့်ဆိုင်းနေရပါကြောင်း၊ ထို့ကြောင့် မယ်ဟန်-မိုင်းရယ်လမ်းအပိုင်း ပြုပြင်ခြင်းလုပ်ငန်းများကို ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းပြီး နှစ်အလိုက် ဆောင်ရွက်ပေးမည့် အစီအစဉ်ကို ပြန်လည်သုံးသပ်၍ လာမည့့်် ဘဏ္ဍာရေးနှစ်အတွင်း အပြီး ဆောင်ရွက်ပေးနိုင်ရန်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးပြီး ဘဏ္ဍာရန်ပုံငွေများကို လုံလောက် စွာ ခွဲဝေချထားပေးနိုင်ရန် ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်ကတစ်ဆင့် တင်ပြခဲ့သော်လည်း ရန်ပုံငွေများ ခွဲဝေလျာထားခြင်းကို မတွေ့ရှိရသည့်အတွက် ယခု လွှတ်တော်တွင်ထပ်မံတင်ပြ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မယ်ဟန်-မိုင်းရယ်ကားလမ်းအပိုင်းရှိ ပျက်စီးနေသော ကားလမ်းအပိုင်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းရေးဆွဲတင်ပြပေးမည်ဟု ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ဖြေကြားခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းလျာထားချက်တွင်း မရှိသည်ကိုလည်း သိရှိလိုပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသော လမ်း၊ တံတား လုပ်ငန်းများအတွက် ရန်ပုံငွေခွဲဝေလျာထားရာတွင် ဒေသအလိုက် လိုအပ်ချက်အပေါ်မူတည်ပြီး မျှတစွာရန်ပုံငွေခွဲဝေ လျာထား သည်ကို မတွေ့ရသည့်အတွက် မည်သို့သောမူဝါဒများနှင့်  မည်ကဲ့သို့ရန်ပုံငွေခွဲဝေချထားသည်ကို သိရှိလိုပါကြောင်းနှင့် မယ်ဟန်-မိုင်းရယ် ကားလမ်းအပိုင်းတွင် အမှန်တကယ် လမ်းအဆင့်မြှင့်တင် တိုးချဲ့ပေးရန် ကျန်ရှိနေသောလမ်းအပိုင်း အချို့အား မည်သည့်ကာလတွင် အပြီးဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။