(စ)-၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် ရှိ ဆောက်လုပ်ရေးလုပ်ငန်း တင်ဒါရရှိသူများထံမှ ၅% ကောက်ခံ ရရှိငွေအပေါ် လုပ်ငန်း တစ်ခုချင်း၊ QC စစ်ဆေးရာတွင် မည်သို့သုံးစွဲခဲ့ပြီး လက်ကျန် ငွေနှင့် ကောက်ခံခြင်းသည် ဥပဒေနှင့် ညီ/မညီ တို့ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-07-12

မေးခွန်း အကြောင်းအရာ 

pe than၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များထံမှ လုပ်ငန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို  QC အရည်အသွေးစစ်ဆေးရန်အတွက် ဖြတ်တောက် ကောက်ခံပါ ကြောင်း၊ ထို့သို့ ကောက်ခံရန်အတွက် ပြည်နယ်အစိုးရ၏ အောက်တွင် လူ ၂၀ ကျော် ခန့်ပါဝင်သည့် အရည်အသွေး စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းထားပါကြောင်း၊  ယင်းအဖွဲ့တွင်  ဌာနအငြိမ်းစားဝန်ထမ်းများ၊ ကျောင်းပြီးစ အင်ဂျင်နီယာများနှင့်သာ ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါကြောင်း၊  ကုမ္ပဏီများအနေဖြင့်လည်း ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း၊ QC အရည်အသွေးစစ်ဆေးရန်အတွက် ၅ ရာခိုင်နှုန်း စုစုပေါင်း ၁၂ ရာခိုင်နှုန်းအထိ အခွန်ဆောင်ထားရသည့်အတွက် လုပ်ငန်းအရည်အသွေး၊ စံချိန် စံညွှန်းမမီနိုင်သည့်ကို သိရှိရပါကြောင်း၊  အထက်သို့ တင်ပြမည်ဆိုပါကလည်း နောက်နှစ်တင်ဒါများကို ရရန် ခက်ခဲသွားမည့်အတွက် တင်ပြခြင်းမပြုသည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ဖြစ်သင့်၊ ဖြစ်ထိုက်သည့် ကိစ္စများ ဖြစ်လာနိုင်ရန်နှင့် ၅ ရာခိုင်နှုန်းဖြတ် ငွေများကို သုံးစွဲရာတွင် ပွင့်လင်းမြင်သာနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊  (၁) ရခိုင်ပြည်နယ်အစိုးရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်တွင် တည်ရှိသော လုပ်ငန်းတင်ဒါများထံမှ ရရှိသည့် လုပ်ငန်းတစ်ခုချင်းအလိုက် လုပ်ငန်းတန်ဖိုးငွေ ၅ ရာခိုင်နှုန်း ဖြတ်တောက်ကောက်ခံမှုကိုလည်းကောင်း၊ အရည်အသွေး QC စစ်ဆေးရာတွင် မည်ကဲ့သို့ သုံးစွဲပြီး လက်ကျန်ငွေမည်မျှရှိသည်ကို လည်းကောင်း၊ ဤကဲ့သို့ကောက်ခံခြင်းသည် ဥပဒေနှင့် ညီ/မညီ ကိုလည်းကောင်း၊ ဥပဒေနှင့်မညီပါက မည်သို့ အရေးယူဆောင်ရွက်သွားမည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။