(က)-၂၀၁၅-၁၆ နှင့်၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အ တွင်း ဖမ်းဆီးရမိသော ပုံစံ(၈)ဝင်သစ်များ ပမာဏ၊ တန်ဖိုး၊ အမှုအရေအတွက်၊ အများဆုံး ဖမ်းဆီးရ ဒေသနှင့် ကာကွယ်တားဆီးမှု အခြေအနေတို့ကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
သစ်တောဦးစီးဌာနက ဆောင်ရွက်နေသည့် သစ်နှင့်သစ်တောထွက် ပစ္စည်းများတရားမဝင် ထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှုများအပေါ် ဥပဒေနှင့်အညီ စစ်ဆေးအယူမှုများနှင့် ပတ်သက်၍ ဖမ်းဆီးရမိသော သစ်နှင့်သစ်တောထွက်ပစ္စည်းများကို ဌာနက သတ်မှတ်ထားသည့် ပုံစံဖြစ်သည့် မှတ်တမ်းပုံစံ (၈) တွင် မှတ်တမ်းတင်ထိန်းသိမ်းပြီး ဥပဒေနှင့်အညီ တရားစွဲဆိုခြင်း၊ ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်း၊ အမှုကိစ္စများပြီးပြတ်လျှင် ဌာနစုံ သို့မဟုတ် လေလံတင်ဒါဖြင့် ရောင်းချခြင်းများ ပြုလုပ်ဆောင်ရွက်ကြပါကြောင်း၊ သတင်းနှင့်စာနယ်ဇင်းများတွင် ဖော်ပြသည့် သတင်းများအရ ၂၀၁၇ ခုနှစ် ဧပြီလ နှင့် မေလအတွင်း လားရှိုးမြို့နှင့် သိန္နီမြို့ကြားတွင် ၁၂ ဘီးကား ၅ စီး၊ မန္တလေးနှင့် မူဆယ်လမ်းတွင် တမလန်းသစ်နှင့် ပိတောက်သစ် ၁၂ ဘီးကားနှင့် ၉ စီး၊ နမ့်စန်မြို့နယ်တွင် သစ်မျိုးစုံ ၄၀၂ တန်၊ ပခုက္ကူနှင့် မြိုင်ကားလမ်းတွင် သစ်ခွဲသားဆိုဒ်ကြီး ၁၂ ဘီးကား ၁ စီး၊ ချင်းတွင်းမြစ်သွားသည့် ရေရင်းမှရေစကြို မြို့နယ်အတွင်း တမလန်းသစ် ခုနစ်တန် စသည်ဖြင့် သစ်များဖမ်းဆီးရရှိသည့် သတင်များဖတ်ရှုရပါကြောင်း၊
ဖမ်းဆီးရမိသည့် သစ်နှင့်သစ်တောထွက် ပစ္စည်းများသည် ပြည်သူပိုင်ပစ္စည်းများဖြစ်သည့်အတွက် ပြည်သူအများ သိရှိအောင်ရှင်းလင်းချပြသင့်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ပုံစံဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများနှင့်ပတ်သက်၍ သစ်တောဦးစီးဌာန၏ ဆောင်ရွက်မှုအခြေအနေကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိ/မရှိ၊ ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်များအတွင်း ဖမ်းဆီးရမိသော ပုံစံ (၈) ဝင်သစ်များနှင့် ပတ်သက်၍ ဖမ်းဆီးပမာဏ၊ ခန့်မှန်းတန်ဖိုး၊ အမှု အရေအတွက်၊ အရေးယူဆောင်ရွက် ပြီးပြတ်မှုအခြေအနေ၊ အများဆုံးဖမ်းဆီးရမိဒေသနှင့် ကာကွယ် တားဆီး ဆောင်ရွက်မှုအခြေအနေများ ဖြေကြားပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။