(စ)-၂၀၁၀ ခုနှစ်က ဖောက်လုပ်သည့် ခပေါင်းရေ လွှတ်တမံကြောင့်ဆုံးရှုံးခဲ့ရသောလယ်ယာမြေများ အတွက် နစ်နာမှုဖြေလျော့ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-07-13

မေးခွန်း အကြောင်းအရာ 

cho choအုတ်တွင်းမြို့နယ်တွင် ၂၀၀၁-၂၀၀၂ ခုနှစ်က ခပေါင်းရေလှောင်တမံဘက်စုံစီမံကိန်းကို စတင် အကောင်အထည်ဖော်ကာ ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ပင်မတမံကြီးနှင့် အဝေရာရေထိန်းတမံများကို တည်ဆောက်စဉ်ကလည်း ရေဝပ်ဧရိယာအတွင်းသို့ ရောက်ရှိခဲ့သည့် ရွာပေါင်း ၁၄ ရွာသည် ပြောင်းရွှေ့ခဲ့ရပြီး လယ်ဧက ၂၀၀ ကျော်သည်လည်း ရေများနစ်မြုပ်ခဲ့ရပါကြောင်း၊

ပြောင်းရွှေ့စဉ်က ဒေသခံပြည်သူများကို ပြောင်းရွှေ့ခအဖြစ် တစ်အိမ်ထောင်ကို ၇၀၀၀ နှုန်းသာ လျော်ကြေးပေးသည့်အတွက် ဒေသခံပြည်သူအများစုအနေဖြင့် ထုတ်ယူခြင်းမရှိကြပါကြောင်း၊ ရွာများပြောင်း‌ရွှေ့ရခြင်းကြောင့် အခက်အခဲများ များစွာဖြစ်ကာ ယခုထိတိုင် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်း တွေ ပြည့်စုံစွာမရှိသေးပါကြောင်း၊

အဝေရာရေထိန်းတမံမှ ရေများကို ရေပေးဝေစနစ်အသုံး ပြုရန်အတွက် အုတ်တွင်းမြို့နယ်အတွင်း ခပေါင်းလက်ယာတူးမြောင်းမကြီးတည်ဆောက်ရာ အရှည် ၃၀.၆၃ မိုင်၊ အကျယ်ပျမ်းမျှပေ ၂၀၀ ခန့်နှင့် လက်ယာလက်တံမြောင်းကို အရှည် ၂၉.၃ မိုင်နှင့် အကျယ်ပျမ်းမျှပေ ၁၄၀ ခန့်ဖြင့် ၂၀၁၀ ခုနှစ်ခန့်မှာ တည်ဆောက်ခဲ့ပါကြောင်း၊ ထိုတည်ဆောက်မှုကြောင့် ဒေသခံတောင်သူများ၏ လယ်ယာမြေဧက ၁၂၀၀ ကျော်ခန့် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊

လယ်ယာမြေများကို ရေပေးဝေစနစ်သုံးဖို့အတွက် ုရေလှောင်တမံကြီးများ၊ တူးမြောင်းမကြီးများနှင့် လက်တံမြောင်းများ တည်ဆောက်ခြင်းသည် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်နေသည်မှာ မှန်သော်လည်း ယခုလိုတည်ဆောက်ခြင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရသည့် တောင်သူများကို ဖြေလျှော့မှုများအဖြစ် နစ်နာကြေးများ ပေးသင့်ပါကြောင်း၊ ခပေါင်းရေလွှတ်တမံ တည်ဆောက်ရေးအတွက် နစ်နာကြေးတစ်စုံတရာမရရှိခဲ့ဘဲ ဆင်းရဲချို့တဲ့ ကြပ်တည်းစွာဖြင့် ဘဝကို ကြိုးစားရုန်းကန်နေကြရပါကြောင်း၊  

ယခုကဲ့သို့ လယ်ယာမြေများကို သိမ်းဆည်းခဲ့ရာတွင်လည်း ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ အများပြည်သူသိရှိရန် ကြေညာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ လျော်ကြေးငွေ တွက်ချက်ခြင်း၊ လျော်ကြေးထုတ်ပေးခြင်းစသည့် ဥပဒေနှင့်အညီ သိမ်းဆည်းခြင်းမဟုတ်ဘဲ စနစ်တကျ အမှုတွဲမတည်ဆောက်ဘဲ သိမ်းဆည်းခဲ့သည့်အတွက် လယ်ယာမြေ သိမ်းဆည်းခံရခြင်းသည် မတရားသိမ်းဆည်းခံရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၀ ခုနှစ်က ဖောက်လုပ်သည့် ခပေါင်းရေလွှတ်တမံကြောင့် ဆုံးရှုံးခဲ့ရသော လယ်ယာမြေများ အတွက် နစ်နာမှုဖြေလျှော့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။