(ဂ)-ဆောက်လုပ်ရေးပိုင် လမ်းမကြီးတစ်ခု အပေါ် စည်ပင်သာယာရေးအဖွဲ့များမှမြို့ဝင်ကြေးကောက် ခံခွင့် ရှိ/မရှိ နှင့် မြို့နယ်တစ်ခုအတွင်း လမ်းအသုံး ပြုခ(၄)ကြိမ်ပေးဆောင်နေရခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပုသိမ်-မုံရွာလမ်းမကြီးသည် ပုသိမ်မြို့တွင် စတင်၍ ကျောင်းကုန်းမြို့နယ်၊ ကံကလေးလမ်းဆုံ၊ ရန်ကုန်-ပုသိမ် လမ်းမကြီးမှ နေခွဲထွက်ပြီး လက်ဝဲဘက်ကို ခွဲထွက်သွားသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီးသည် ရေကြည်မြို့နယ်အတွင်းကို ဖြတ်သန်းသွားပြီး ဂွ-ငါးသိုင်းချောင်း လမ်းနှင့်ဆုံပြီး တစ်ဆက်တည်း မုံရွာမြို့အထိ ဆက်သွားသည် လမ်းကြီးဖြစ်ပါကြောင်း၊ ယခုလို ဖြတ်သန်းသွားသည့် အခါ ရေကြည်မြို့နယ်တွင် ရှိသည့် အသုတ်မြို့ကို ဖြတ်သွားရပါကြောင်း၊ အသုတ်မြို့ကိုဖြတ်ပြီး ပိတောက်ချောင် လမ်းဆုံမှာ ငါးသိုင်းချောင်းမြို့ထိပ်မှာ ထပ်မံ ဖြတ်သွားရပါကြောင်း၊ ငါးသိုင်းချောင်း မြို့ထိပ်တွင် ငဝန်မြစ်ကူးတံတားကို ဖြတ်သန်းခ ပေးဆောင်ပြီး ရေနံသာလမ်းဆုံမှာ ဂွ-ငါးသိုင်းချောင်း လမ်း နှင့် ဆုံပါကြောင်း၊ ၎င်းလမ်းမကြီးကို ရခိုင်ပြည်နယ်၊ မြန်မာပြည် အထက်ပိုင်းနှင့် ဧရာဝတီ အထက်ပိုင်း မြို့နယ်များမှ ခရီးသည်တင်ကားများ၊ ပုဂ္ဂလိကကားများ၊ ကုန်တင်ကားများ၊ ရန်ကုန်နှင့် ပုသိမ်မြို့ကြီး များသို့ သွားရောက်ရန်အတွက် သုံးစွဲနေရသည့် လမ်းဖြစ်သည့်အတွက် နေ့စဉ် ရာချီပြီး အသွား/အပြန် ရှိပါကြောင်း၊ ဒေသခံပြည်သူများ၏ မော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများလည်း အသုံးပြုနေရပါကြောင်း၊ ယခုလို ဖြတ်သန်းသွားလာရာတွင် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖြတ်သန်းသွားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အသုတ်မြို့လယ်မှ ဖြတ်သွားသည့် အသုတ်မြို့ ဝင်ကြေး တစ်ကြိမ်၊ ရေကြည်မြို့တွင်းကို မဝင်ဘဲ အနောက်ဘက်ကို ကွေ့သွားသည့် ပိတောက်ချောင် လမ်းဆုံတွင် ရေကြည်မြို့ဝင်ကြေး အဖြစ်ဖြင့် တစ်ကြိမ်၊ ငါးသိုင်းချောင်းမြို့ ထဲမဝင်ဘဲ ငါးသိုင်းချောင်းမြို့ထိပ်မှ ဖြတ်သွားသည့်နေရာတွင် ငါးသိုင်းချောင်း မြို့ဝင်ကြေးဆိုပြီး တစ်ကြိမ် စည်ပင်သာယာရေးမြို့ဝင်ကြေး အဖြစ်ဖြင့် သုံးကြိမ် ပေးဆောင်နေရပါကြောင်း၊ ငါးသိုင်းချောင်း မြို့ထိပ်တွင် ငဝန်မြစ်ကူးတံတားကို ဖြတ်ပြီး ရေနံသာလမ်းဆုံတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လမ်းအသုံးပြုခ ပေးဆောင်ရပါကြောင်း၊ ထို့ကြောင့် မိမိသိလိုသည်မှာ မြို့နယ်တစ်မြို့နယ် အတွင်းမှာဖြတ်သန်းသွားသည့် လမ်းမကြီး တစ်ခုအတွင်း စည်ပင်သာယာရေး အဖွဲ့မှ ကောက်ခဲ့သည့် မြို့ဝင်ကြေး သုံးကြိမ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကောက်ခံသည့် လမ်းအသုံးပြုခ တစ်ကြိမ် ပေးဆောင်နေရခြင်းများသည် လက်ရှိ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဒီလိုကောက်ခံသည့် နေရာ တွင် မြို့ဝင်ကြေးကောက်ခံသူများ၏ မချေမငံ ပြောဆိုမှုများကြောင့် အချေအတင်များ နေ့စဉ်လိုလို ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် မိမိမေးလိုသည့် မေးခွန်းမှ ဆောက်လုပ်ရေး ဝန်ကြီးဌာန မှ စီမံခန့်ခွဲသည့် လမ်းမကြီး တစ်ခုအပေါ်တွင် စည်ပင်သာယာရေး အဖွဲ့များမှ လမ်းအသုံးပြုမှုအတွက် မြို့ဝင်ကြေးအဖြစ် ကောက်ခံငွေ ရှိ/မရှိ နှင့် ရေကြည်မြို့နယ်လို မြို့နယ်တစ်ခုအတွင်း လမ်းတစ်ခုတည်း အသုံးပြုမှုအတွက် လမ်းအသုံးပြုခ စည်ပင်သာယာရေးအတွက် သုံးကြိမ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းအသုံးပြုခ တစ်ကြိမ်၊ လေးကြိမ် ပေးဆောင် နေရခြင်းများအတွက် လက်ရှိ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိ ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။