(စ)-ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသားလူငယ်များခရီးသွားလာရေးလွယ်ကူ စေရန် ခေါင်လန်ဖူးမြို့နယ်၊ ဒဟပ်ဘိုတဲနှင့် ခေါင် လန်ဖူးမြို့အကြား လမ်းတံတား ပျက်စီးမှုအား ပြု ပြင်ထိန်းသိမ်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တည်ရှိပြီး ခရိုင်ရုံးစိုက်ရာ ပူတာအိုမြို့မှ မိုင်ပေါင်း ၁၃၀ ကျော်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင်များစွာ နောက်ကျကျန်နေသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ ပေ တည်ရှိပြီး ၂၀၈၁.၃၉ စတုရန်းမိုင် ကျယ်ဝန်းပြီး ပူတာအိုမှ နောင်မွန်းအထိ ကားများသွားလာနိုင်ပြီဖြစ်သော်လည်း မဂွေဇ လမ်းခွဲမှ ခေါင်လန်ဖူးမြို့နယ်အထိ လမ်းပိုင်းများမှာ သွားလာရခက်ခဲသည့် ဒေသဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါလမ်းပိုင်းအား နယ်စပ်ရေးရာဝန်ကြီးဌာနမှ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန်နှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရန် တာဝန်ယူဖောက်လုပ်နေသည့်အတွက် လာမည့်နှစ်နှစ်၊ သုံးနှစ်အတွင်း ကားများသွားလာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖောက်လုပ်နေသည့် လမ်းအပိုင်းသည် ခက်ခဲသည့်အချိန်တွင် ၎င်းလမ်းကို အသုံးပြုနေရသည့်အတွက် သွားလာရပြတ်တောက်နေသည့် လမ်းပိုင်းများ ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာပူးပေါင်းပြီး ဆောင်ရွက်နေရသည့် လမ်းအပိုင်းဖြစ်ပြီး ပြုပြင်ရန် လိုအပ်နေသည့် လမ်းအပိုင်းလေးများ ဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီနှင့် မိုးတွင်းတွင် လားကို အသုံးပြုပြီးမှ ရိက္ခာများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ရိက္ခာပို့နေသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ မဂွေဇ-ဆန်းဝါ-ဒဟပ်-ငါ့လုံဒမ်း-ညီးဝါကောင်နှင့် ခေါင်လန်ဖူးလမ်းအပိုင်း ၆၅ မိုင် ၄ ဖာလုံရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နှစ်စဉ်ပြုပြင်ထိန်းသိမ်း စရိတ်လျာထားဆောင်ရွက်ပေးနေသော်လည်း မိုးများပြီး ရာသီဥတုဆိုးရွားမှုကြောင့် လမ်းများ၊ တံတားများ ပျက်စီးနေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါလမ်းသည် ခေါင်လန်ဖူးမြို့၏မျက်နှာစာလမ်းဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘပြည်သူများ၊ ကျောင်းသူ/သားများ၊ အားကိုးအားထားရာလမ်းဖြစ်သည့်အပြင် လုပ်ငန်းကိစ္စဆောင်ရွက်ရန်အတွက် နောင်မွန်းမြို့နယ်သို့ လည်းကောင်း၊ ပူတာအိုမြို့နယ်သို့လည်းကောင်း ဆက်သွယ်သွားလာနေရသည့် အဓိကလမ်းလည်း ဖြစ်ပါကြောင်း၊ နိုင်ငံနှင့်အဝန်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းများဖောက်လုပ်ခြင်း၊ တံတားများ တည်ဆောက်ခြင်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့နည်းတူစွာ ခေါင်လန်ဖူးမြို့နယ်ကိုလည်း အခြားမြို့နယ်များနည်းတူ လူမှုဘဝတိုးတက်မြင့်မားလာပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန်အတွက် သက်ဆိုင်ရာမှ ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ဘဏ္ဍာငွေလျာထား ဆောင်ရွက်ပေးသည့်အတိုင်း အဆိုပါလမ်းအပိုင်းဖြစ်သည့် ငါ့လုံဒမ်းမှ ခေါင်လန်ဖူးကြား သွားလာရခက်ခဲသည့် လမ်းတံတားပြုပြင်ထိန်းသိမ်း စရိတ်ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။