(က)-၂၀၁၇-၂၀၁၈ခုနှစ်တွင်နိုင်ငံနှင့်အဝန်း ထက် /လယ်/မူ ကျောင်းပေါင်း ၅၀၀၀ ကျော်အား အဆင့် တိုးမြှင့်ပေးခဲ့ရာ လိုအပ်သော ဆရာ၊ ဆရာမ ပြည့် စုံစွာ တိုးမြှင့်ခန့်ထားရန် အစီအမံများ ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံသည် အဖက်ဖက်မှ နိမ့်ကျနေသောပညာရေးစနစ်ကို တိုးမြှင့်ရန်ဆောင်ရွက်ချိန်တွင် နိုင်ငံတော်က ပညာရေးအသုံးစရိတ်များကို တိုးမြှင့်ချထားပေးရာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဘီလီယံ ၁၉၀၀ နီးပါး ချထားပေးခဲ့ပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနက မူလတန်းမှ အလယ်တန်း၊ အလယ်တန်းမှအထက်တန်း၊ ကျောင်းအသီးသီးကို အဆင့်အသီးသီးတိုးမြှင့်ပေးခဲ့သည့် ကျောင်းပေါင်း ၅၂၀၀ ကျော်ရှိပါကြောင်း၊ ကျောင်းအသီးသီးကို အဆင့်တိုးမြှင့်ပေးလိုက်သည့်အတွက် သွားရေးလာရေးခက်ခဲသည့် ဒေသက နိုင်ငံသူ၊ နိုင်ငံသားများသည် အခြေခံပညာရေးကို အတန်းအဆင့်တစ်ခုပြီးဆုံးတဲ့အထိ သင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း တိုးမြှင့်လိုက်သောကျောင်းများတွင် ယနေ့အချိန်အထိ ဆရာဆရာမများကို ၎င်းတို့အဆင့်နှင့် လျော်ညီသော၊ ကိုက်ညီသော ဆရာဆရာမဦးရေကို ခန့်ထားပေးနိုင်ခြင်းမရှိသေးပါကြောင်း၊
မြန်မာနိုင်ငံတွင် မဟာဗျူဟာစီမံကိန်းစာရင်းအချက်အလက်အရ အခြေခံပညာကျောင်းပေါင်း ၄၇၃၆၃ ကျောင်း ရှိပါကြောင်း၊ ၎င်းတို့ထဲမှ ဘကကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ နုတ်လိုက်ပါက အစိုးရကျောင်းချည်း ၄၅၀၀၀ ခန့်ရှိသည့်အထဲတွင် ခန့်ထားပြီးသား ဆရာဆရာမက ၃၄၀၀၀၀ ကျော်ရှိပါကြောင်း၊ အစိုးရကျောင်း၊ ဘကကျောင်း၊ ပုဂ္ဂလိကကျောင်း ကျောင်းသားကျောင်းသူပေါင်း ၉.၂၅ သန်းရှိပါကြောင်း၊ အစိုးရကျောင်းတွင် ပညာသင်ကြား နေသော နိုင်ငံသူနိုင်ငံသား ကိုးသန်းနီးပါးရှိပါကြောင်း၊ ကျောင်းသား ၂၇ ယောက်တွင် ဆရာ(၁)ယောက် အချိုးနှုန်း ခန့် ရှိပါကြောင်း၊ အထက်တန်းကျောင်းတစ်ကျောင်းတွင် တစ်ခန်းလျှင် လူ ၆၀ ခန့်သင်နေရသည့်အတွက် အထက်တန်းအဆင့်တွင် ကျောင်းသား၊ဆရာဆရာမအချိုးက မည်သို့မျှ မကိုက်ညီသည့်အတွက် ဆရာ ဆရာမ များအတွက် ဝန်ထုပ်ဝန်ပိုးပိစေပါကြောင်း၊ ဆရာဆရာမများ များစွာမွေးထုတ်ပေးနေသော်လည်း ယနေ့အချိန်အထိ ကျောင်းတိုင်းတွင် လိုအပ်သောပညာသင်ကြားမှု မရရှိသေးသည့်အတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့် လိုအပ်သောဆရာဆရာဦးရေ အရေအတွက်ကို မည်ကဲ့သို့ပြည့်စုံစေရန် စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။