(ခ)-တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်တွင် အမည်၊ အမိ အဘ တို့၏ အမည်၊ မွေးသက္ကရာဇ် စသည် ဖြင့် လွဲချော်နေမှုများကို ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပြင်ဆင်ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

2017-07-24

မေးခွန်း အကြောင်းအရာ 

dr than ag soeတက္ကသိုလ်ဝင် ၁၀ တန်းအောင်လက်မှတ်သည် တက္ကသိုလ်ဆက်တက်ရာတွင်လည်းကောင်း၊ အလုပ်ဝင် ရောက်ရာတွင် လည်းကောင်း၊ အစိုးရအလုပ်က ပင်စင်ယူရာတွင်လည်းကောင်း တက္ကသိုလ်ဝင် ၁၀ တန်းအောင်လက်မှတ်ကို ပြသရပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အားထားရသည့် မှတ်တမ်းအဖြစ် ရှိနေခြင်းသည် ဂုဏ်ယူစရာကောင်းပါကြောင်း၊

သို့သော် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွင် လွဲချော်မှုများ ရှိနေသည့် စာလုံးပေါင်းလွဲမှားမှု၊ မွေးသက္ကရာဇ်လွဲမှားနေမှုများ၊ ခေါ်ဆိုသည့်အမည် မပါရှိခြင်း၊ ဖခင်အမည်၊ မိခင်အမည်များ လွဲချော်နေခြင်းများ တွေ့ကြုံရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ စာစစ်ဦးစီးဌာန၏ အမှားမဟုတ်ဘဲ ကာယကံရှင်များ၏ စာမေးပွဲပုံစံဖြည့်သွင်းရာတွင် မှားယွင်းစွာ ဖြည့်သွင်းမိခြင်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်တက်ရောက်ရန်၊ အလုပ်ဝင်ရန်အတွက် အောင်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီမှုမရှိခြင်းများ တွေ့ရပြီး ကျောင်းဆက်မတက်ရခြင်း၊ အလုပ်ဝင်၍မရခြင်း စသည့်အခက်အခဲများနှင့် ကြုံတွေ့ကြရပါကြောင်း၊

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် လွဲချော်နေမှုများအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို မိမိကိုယ်တိုင် သွားရောက်ပြီး ပြင်ဆင်ပေးရန် ကြိုးစားခဲ့ပါကြောင်း၊ သို့သော်လည်း ပြင်ဆင်မပေးနိုင်ခဲ့ ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီးသော်လည်း လွဲမှားမှုများကြောင့် လူငယ်များမှာ အသက်မသေသော်လည်း ဘဝသေသကဲ့သို့ ကြုံတွေ့နေရပါကြောင်း၊ ယခုလိုအဖြစ်မျိုး မကြုံရအောင် အထောက်အထားများ ခိုင်လုံစွာရှိမည်ဆိုပါက၊ အထောက်အထားခိုင်လုံစွာဆိုတာက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မူလစဝင်သည့် ကျောင်းဝင်စာရင်း၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး၏ ထောက်ခံချက်  တရားရုံးတွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်းစသည့် ခိုင်လုံသည့်ထောက်ခံချက်များရှိလျှင် လွဲချော်နေမှုများကို ပြင်ဆင်ပေးသင့်ပါကြောင်း၊ ယခုလို ပြင်ဆင်ပေးမှသာလျှင် ကလေးများ၏ ဘဝတက်လမ်း အညွန့်တလူလူဖြင့် ဆက်လက်တက်ရောက် နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွင် လွဲချော်နေမှုများကို ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။