(က)-အင်္ဂလိပ်ကိုလိုနီလက်ထက်တွင်အင်္ဂလိပ်ဘာ သာဖြင့် ပြဋ္ဌာန်းခဲ့သော ယနေ့တိုင်တည်ဆဲ ဥပဒေ များ ဖြစ်သည့် ဥပဒေများအား မြန်မာဘာသာ သို့ ဘာသာပြန်ဆို ပြဋ္ဌာန်း ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-07-25

မေးခွန်း အကြောင်းအရာ 

khin saw waiအင်္ဂလိပ်ကိုလိုနီဘဝကျရောက်ခဲ့စဉ်က မြန်မာနိုင်ငံတွင် ဥပဒေအားလုံးနီးပါးကို အင်္ဂလိပ် ဘာသာဖြင့်သာ ရေးသားခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် ဥပဒေအချို့ကို မြန်မာဘာသာကို ပြန်ဆိုခဲ့ပါကြောင်း၊ နောက်ပိုင်း ဥပဒေသစ် များကိုလည်း ရုံးသုံးမြန်မာစာဖြင့်သာ ရေးဆွဲပြဋ္ဌာန်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ အင်္ဂလိပ် ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုခဲ့သည့် ဥပဒေများအနက် ၁၈၆၁ ခုနှစ် အင်္ဂလိပ်အစိုးရက ရေးဆွဲ ပြဋ္ဌာန်းခဲ့သော Penal Code ကို ၁၉၄၈ ခုနှစ်၊ မြန်မာသာသာပြန် တရားဥပဒေနှင့် ဝေါဟာရများ အက်ဥပဒေအမှတ်(၂၇)အရ နိုင်ငံတော်အစိုးရမှ ဘာသာပြန်ဆိုခဲ့ပြီး ရာဇသတ်ကြီးဥပဒေအဖြစ် တရားရုံး၊ ဥပဒေရုံးများတွင် တရားဝင်ကျင့်သုံးလျက်ရှိတာ တွေ့ရှိရပါကြောင်း၊

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် မိမိအနေဖြင့် ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ရာ အင်္ဂလိပ် ဘာသာဖြင့် ရေးသားတင်ပြခြင်းမဟုတ်ခဲ့သည့်အတွက် ဆက်လက် ဆွေးနွေးရန်မသင့်ဟု လွှတ်တော် က ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် ဥပဒေပြုရေးအာဏာကို အပ်နှင်းခံထားရသည့် လွှတ်တော် အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်အများစုသည် ဥပဒေ ပညာနှင့် အင်္ဂလိပ်စာကျွမ်းကျင်မှု အပိုင်းများတွင် အားနည်းချက်များရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဥပဒေပြုလွှတ်တော်များအနေဖြင့် မြန်မာဘာသာဖြင့်သာ ဥပဒေပြုခွင့်ရနိုင်မှသာလျှင် ဥပဒေ ကောင်းများ ပေါ်လာနိုင်မည်ဖြစ်ပြီး ကိုလိုနီလောင်းရိပ်အောက်က လွတ်ကင်း၍ မြန်မာဘာသာဖြင့် ဥပဒေပြုရေးကို အရှိန်အဟုြန်ဖင့် ဆောင်ရွက်နိုင်သော လွှတ်တော်များဖြစ်လာမည်ဖြစ်ပါကြောင်း၊

လွှတ်တော်များအနေဖြင့် မိမိ၏နိုင်ငံ၊ မိမိ၏ပတ်ဝန်းကျင်၊ မိမိတို့၏အခြေအနေ ဖြင့် လိုက်လျောညီထွေရှိသည့် ဥပဒေများကို ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းတို့ကိုသာ အဓိကဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ မူရင်းဥပဒေသည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသောဥပဒေဖြစ်ပါကလည်း လွှတ်တော် ၏ ဥပဒေပြင်ဆင်ချက်များအား သင့်လျော်မှန်ကန်အောင် ဘာသာပြန်ဆိုရမည့်တာဝန်မှာ နိုင်ငံတော် အစိုးရ၊ ဌာန၊ ဝန်ထမ်း၊ အဖွဲ့အစည်းတာဝန်သာဖြစ်သည်ဟု ယူဆမိပါကြောင်း၊ ဤရာဇသတ်ကြီး ဥပဒေကို အကြိမ်ကြိမ်ဖြည့်စွက်၊ ပြင်ဆင်ခဲ့မှုတွေများရှိသကဲ့သို့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရာတွင်လည်း ပညာရှင်များ၏အကူအညီဖြင့် ပြည့်စုံကောင်းမွန်ကောင်း ပြင်ဆင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊

ထို့အပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၅) အထွေထွေပြဋ္ဌာန်းချက်များ ခေါင်းစဉ်အောက်တွင် ရှိသည့် ပုဒ်မ ၄၅၀တွင် မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်ဟု ရေးသားပြဋ္ဌာန်းထားပါကြောင်း၊ အင်္ဂလိပ်ကိုလိုနီလက်ထက်တွင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သော ယနေ့တိုင်တည်ဆဲဥပဒေများ ဖြစ်သည့် ဥပဒေများအား မြန်မာဘာသာသို့ ဘာသာပြန်ဆို  ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း၍ သိရှိလိုကြောင်းမေးမြန်းပါသည်။