(ဂ)-သမဝါယမအသင်းပိုင် အဆောက်အဦများ၊မြေ နေရာများကို မည်ကဲ့သို့စီမံခန့်ခွဲပြီးအသင်းသားများ နှင့် နိုင်ငံတော်က မည်သည့်အကျိုးအမြတ်များ ရရှိ နေကြောင်း သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံရှိ မြို့နယ်ပေါင်းအကုန်လုံးနီးပါးတွင် သမဝါယမအသင်းပိုင် မြေနေရာများ ၊ အဆောက်အဦ များစွာရှိနေပါကြောင်း၊ ၎င်းအဆောက်အဦများသည် တော်လှန်ရေးကောင်စီခေတ်တွင် ပြည်သူပိုင်သိမ်းပြီး ပြန်လည်လွှဲအပ်ပေးခဲ့သည့် နေရာများရှိသလို အသင်းပိုင်သည့် နေရာတွေ လည်းရှိပါကြောင်း၊ အသင်းမှ ငှားရမ်းပြီး ဆောင်ရွက်နေသည့် နေရာများလည်းရှိပါကြောင်း၊ ၎င်းသမဝါယမအသင်းဆိုသည့် နေရာတွင် စားသုံးသူသမဝါယမအသင်းများကို အဓိက ဆိုလိုခြင်းဖြစ်ပါကြောင်း၊ သမဝါယမအသင်းများကို မည်သည့်ဥပဒေများနှင့် စီမံခန့်ခွဲကြောင်းကို လေ့လာကြည့်သည့် အခါတွင် ယနေ့တည်ဆဲ သမဥပဒေကို၂၂.၁၂. ၁၉၉၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့တာကို တွေ့ရှိရပါကြောင်း၊ ၎င်းဥပဒေကို ပြဋ္ဌာန်းလိုက်သည့် အတွက် ၁၉၇၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သမဝါယမအသင်းဥပဒေများ၊ နည်းဥပများကို ရုပ်သိမ်းခဲ့ သည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း၊ ၁၉၉၈ ခုနှစ် သမဝါယမအသင်းနည်းဥပဒေကို နည်းဥပဒေအသစ်ခုကို ၃၀.၉.၂၀၁၃ ရက်နေ့တွင် ယခင်သမဝါယမဝန်ကြီးဌာနမှ အမိန့်ကြော်စာအမှတ် ၅၂/၂၀၁၃ ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီး ရုပ်သိမ်းခဲ့တာကို တွေ့ရှိခဲ့ရပါကြောင်း၊ ၎င်းဥပဒေများ ကို လေ့လာကြည့်သည့် အခါတွင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများတွင် ဝန်ကြီးဌာနအနေဖြင့် သမဝါယမ အသင်းအဖွဲ့ များကို ကြီးကြပ်ရသည်ဟု သိရပါကြောင်း၊ သို့သော် ၎င်းဥပဒေများတွင် နိုင်ငံတော်မှ ၎င်းတို့ကို ယခင်လွှဲပြောင်းပေးခဲ့သည့် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ၊ လုပ်ငန်းနှင့်အခြေခံ အဆောက်အဦများနှင့် ပတ်သက်၍ မည်ကဲ့သို့ကြီးကြပ်ရမည် ဆိုသည်ကို ရှင်းလင်းစွာပြဋ္ဌာန်းထားသည်ကို မတွေ့ရှိရပါ ကြောင်း၊ သို့သော် ယခုအချိန်လေ့လာကြည့်သည့် အခါ သမဝါယမအသင်းအဖွဲ့ပိုင် သည့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ လုပ်ငန်းများနှင့် အခြေခံအဆောက်အဦများ၊ မူလလုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိတော့ဘဲ တခြားနည်းဖြင့်အသုံးချနေသည်ကို တွေ့ရှိရပါကြောင်း၊ လူနေအိမ်များ၊ ပုဂ္ဂလိကများကိုလည်း လွှဲပြောင်းရောင်းချထားပြီးဖြစ်သည့် နေရာများကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့အပြင် နှစ်တိုနှစ်ရှည် စာချုပ်များနှင့်လည်း ငှားရမ်းထားသည်များကို တွေ့ရှိရပါကြောင်း၊ ငှားရမ်းရန်ဆောင်ရွက်လျက် ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လေ့လာကြည့်သည့်အခါ တွင် ငှားရမ်းခနှုန်းထားများသည် ရရှိရမည့်တန်ဖိုးထက် ၁၀ ရာခိုင်နှုန်းအောက်လောက်သာ ရရှိနေတာကိုလည်း တွေ့ရှိရပါကြောင်း၊ ၎င်းကို အသင်းသားများအနေဖြင့် မည်ကဲ့သို့ စီမံခန့်ခွဲသည်ဆိုသည်ကို ရှင်းရှင်း လင်းလင်းသိရှိရခြင်းမရှိပါကြောင်း၊ စီမံခန့်ခွဲသူ လူနည်းစုသာ စီမံခန့်ခွဲပြီး အကျိုးခံစားခွင့်ရရှိနေတာကို တွေ့ရှိနေရပါကြောင်း၊ ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေ၊ စာမျက်နှာ ၁၄၊ အခန်း ၈ ပုဒ်မ ၂၅ အရ ညွှန်ကြားရေးမှူးချုပ်မှ အောက်ပါအချက် ၇ ချက်ဖြင့် သမအသင်းတွေကို စာရင်းလင်းရှင်းလင်းဖျက်သိမ်းနိုင် သည်ဟုဆိုပါကြောင်း၊ ၎င်းတို့မှ သတ်မှတ်ထားသည့် အသင်းသားသို့မဟုတ် အသင်းဝင်ဦးရေမပြည့်ခြင်း၊ ဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ စီးပွားရေးလုပ်ငန်းများကို မလုပ်ကိုင်ခြင်း၊ မတည်ငွေမပြည့်စုံခြင်း၊ ပေးဆပ်ရန်ကြွေးမြည်များကို ပေးဆပ်နိုင်ရန်အခြေအနေ မရှိခြင်း၊ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ စာရင်းရှင်းလင်းဖျက်သိမ်းပေးရန် တောင်းဆိုပေးချင်သည့် အခြားလုံလောက်သည် အကြောင်းအရာ တစ်ရပ်ရပ်ပေါ်ပေါက်ခြင်းဆိုပြီး ရှိပါကြောင်း၊ ထို့ကြောင့်ညွှန်ကြားရေးမှူးချုပ်အနေဖြင့်ယခုလို အသင်းကို တရားဝင်ဥပဒေ အရ ဖျက်သိမ်းထားသလားဆိုတာကို မိမိတို့အသင်းသားများ တိတိကျကျသိရှိရခြင်း မရှိပါကြောင်း၊ ပြည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် အသင်းပိုင်မြေနေရာများတွင် တခြားလုပ်ငန်းများ လုပ်ကိုင်လျက်ရှိတာကို တွေ့ရှိရပါကြောင်း၊ လောကပါလဆေးရုံတည်ရှိသည့်နေရာ၊ ရွာဘဲသမ အသင်းပိုင်ဖြစ်သည့် လေးကျွန်းမဏ္ဍိုင်ဆီစက်နေရာ၊ မြို့မဈေးကြီးအနီးတွင်ရှိသည့် မြို့နယ်သမ ရုံးစိုက်သည့်နေရာ၊ သင်္ဘောဆိပ်လမ်းတွင်ရှိသည့် ဆင်စုသမအသင်းပိုင်မြေနေရာ၊ တစ်လမ်း မောင်းကွေ့တွင်ရှိသည့် ဆန်တော်သမအသင်းပိုင်မြေနေရာ၊ ဗိုလ်ချုပ်လမ်းတွင် ရှိသည့် စံနန်းဦးဘုရားအနီး GEC သမအသင်းစုနေရာများအပြင် မြို့နယ်အတွင်းရှိ ပေါင်တလယ်တိုက်နယ်၊ ပေါင်းတလည်မြို့နယ်၊ ဝက်ထီးကန်မြို့တိုက်နယ်ရှိ သမပိုင်မြေနေရာများသည် တခြားနည်း သုံးသည်များရှိသလို၊ အသုံးမပြုဘဲပစ်ထားသည်များလည်းရှိပါကြောင်း၊ ထို့ကြောင့် သမဝါယမအသင်းသား များအတွက်သာမက ပြည်သူနှင့် နိုင်ငံတော်အတွက်ပါ အကျိုးခံစားခွင့် မရရှိဖြစ်နေတာကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သမအသင်းပိုင်အဆောက်အဦများ၊ မြေနေရာများကို ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီမံခန့်ခွဲနေပါကြောင်းနှင့် အသင်းသားများ၊ နိုင်ငံတော်အတွက် မည်သည့်အကျိုးအမြတ်များ ရရှိနေ သည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။