(ဃ)-ဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာအုပ်စု၊ သာ ဂေါင်းရေသွယ်မြောင်းနှင့် ရေသွယ်လျှောက်ခေါင်း အားရေရှည်ခိုင်ခံ့မည့်ကျောက်ရိုးကွန်ကရစ်မြောင်း ပေါင်နှင့် ကွန်ကရစ်ရေသွယ်လျှောက်ခေါင်းတို့ကို အမြန်ဆုံးတည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာအုပ်စုရှိ သာဂေါင်းရေသွယ်မြောင်းသည် ယောချောင်းမှ သစ်ဝါးများဖြင့် ဆည်တုတ်ပြီး နှစ်စဉ်ခက်ခက်ခဲခဲ ကိုယ်ထူကိုယ်ထဖြင့် ရေသွင်းနေရခြင်းဖြစ်ပါကြောင်း၊ မြောင်းအရှည် ၂ မိုင် နှင့် ၄ ဖာလုံရှိပြီး ရေသွယ်လျှောက်ခေါင်းတစ်ခုပါရှိသည့် ကွင်းအမှတ် (၁၂၈) မိုးကြိုစပါးစိုက်ဧက ၁၃၂ ဧကနှင့် ဆောင်းရာသီပါသီးနှံများ စိုက်ပျိုးနေရခြင်းဖြစ်ပါကြောင်း၊ အကယ်၍ မြောင်းပေါင်နှင့် ရေသွယ်လျှောက်ခေါင်းတို့ ခိုင်ခံ့ကောင်းမွန်ပါက တိုးချဲ့မြေဧက ၁၂၀ ကိုလည်း စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ် မိုးကြီးခြင်းကြောင့် မြောင်းပေါင်များ ရေတိုက်စားခြင်း၊ သဲအိတ်များထပ်ကာ ရေသွင်းခြင်းများပြုလုပ်ခြင်း ရေတိုက်စားမှုသက်သာရန် ကျောက်တောင်ကို ယန္တရားဘတ်ဟိုးဖြင့် အသုံးပြုဖောက်လုပ်ရာတွင်လည်း ငွေအင်အားမတတ်နိုင်၍ လုပ်ငန်းရပ်နားထားရခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် မေလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်သည့် MORA မုန်တိုင်းကြောင့် ယောချောင်းရေကြီး၍ သာဂေါင်းရေသွယ်မြောင်း ဆည်နှင့် ညောင်ပင်ကြီးဂွေ့တွင် မြေသားမြောင်းပေါင် ပေ ၅၀၀ ကျော် ပျက်စီးသွားပါကြောင်း၊ ထို့ကြောင့် အထက်ပါပျက်စီးသွားသော မြေသားမြောင်းပေါင်များအား ရေရှည်ခိုင်ခံ့သည့် ကျောက်ရိုးကွန်ကရစ် မြောင်းပေါင်များအဖြစ် အမြန်ဆုံးတည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ၊ အရှည် ၁၈ ပေ၊ အမြင့် ၉ ပေရှိသော ရေသွယ်လျှောက်ခေါင်းကိုလည်း ကွန်ကရစ်ခေါင်းအဖြစ် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် မည်သည့် အချိန်တွင် တည်ဆောက်ပေးမည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။