(င)-ဟုမ္မလင်းမြို့နယ်၊ကက်သာစံပြ၊တုံးဟဲ၊သောင် သွဒ်၊ ကျွန်းကုန်းကျေးရွာများမှ တစ်ဆင့် ဖောင်းပြင် မြို့နယ် မင်းယားကျေးရွာအထိ ကျေးရွာချင်းဆက်၊ မြို့နယ်ချင်းဆက်လမ်းများကို မြေသားလမ်းအဆင့် ကနဦး ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ / မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဟုမ္မလင်းမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်အထက်ပိုင်းတွင် တည်ရှိပါကြောင်း၊ ဧရိယာအားဖြင့် ၄၃၂၆.၄၄၈ စတုရန်မိုင်ရှိပြီး အလွန်ကျယ်ဝန်းသော မြို့နယ်ဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့နယ် အတွင်း ချင်းတွင်းမြစ်၏ရေဆင်းသည် ၁၂၉ မိုင်ကျော်ခန့်ရှိပါကြောင်း၊ ချင်းတွင်းမြစ်အရှေ့ဘက်ပိုင်းတွင် မုံရွာ-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီ ဗျူဟာလမ်းမကြီးသည် ချင်းတွင်းမြစ်နှင့်အပြိုင် ဖောက်လုပ်လာသည့်အတွက် ယင်းလမ်းမကြီးကိုမှီးပြီး မြစ်အရှေ့ဘက်ရှိ ရွာအများစုသည် လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာ ပါကြောင်း၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ ဝန်ထမ်းများ ဟုမ္မလင်းမြို့သို့ ဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ၊ လစာထုတ်ရန် လာရောက်ပါက ကျွန်းကုန်း-သောင်းသွဒ်စသည့်ရွာများဘက်က လာကြသောသူများသည် အသွားတစ်ရက်၊ အပြန်တစ်ရက် အနည်းဆုံးသုံးရက်အချိန်ယူကြရပါကြောင်း၊ အရှေ့ဘက်ကမ်းရှိ ရွာအချို့က ရာသီဥတုကောင်းလျှင် နေ့ချင်းပြန်၍ ရပါကြောင်း၊ ယခုဆိုလျှင် ဟုမ္မလင်း-ကက်သာချင်းတွင်းတံတားကြီးလည်း တည်ဆောက်နေပြီဖြစ်ပြီး အနောက်ဘက်ကမ်းရှိကျေးရွာများအနေဖြင့် ရွာချင်းဆက်ကုန်းလမ်းများ ကောင်းမွန်နေသင့်ပြီ ဖြစ်ပါကြောင်း၊ သို့မှသာတံတားကြီးပြီးပါက ဟုမ္မလင်းမြို့သို့ လမ်းပန်းဆက်သွယ်သွားလာနိုင်ကြမည် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အရှေ့ဘက်ကမ်းရှိရွာများ၏ လမ်းပန်းဆက်သွယ်ရေးအခြေအနေသည် အနောက်ဘက်ကမ်းရှိ ရွာများ၏ လမ်းပန်းဆက်သွယ်ရေးအခြေအနေနှင့် တန်းတူညီမျှခြင်းမရှိသကဲ့သို့ ဖြစ်နေပါကြောင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိရွာများသို့ ရောက်ရှိသည့်အခါတိုင်း ရွာချင်းဆက်လမ်းများ ဟုမ္မလင်းသို့ သွားလာသော ကုန်းလမ်းများ ဖောက်လုပ်ပေးရန် ဆွေးနွေးမေးမြန်း တောင်းဆိုကြပါကြောင်း၊ လူမှုဘဝတိုးတက်ရေး ကဏ္ဍတွင်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းသည် အဓိကနေရာက ပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ပြည်သူများ လူနေမှုဘဝတိုးတက်ရေးကို ဦးတည်၍ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကက်သာစံပြကျေးရွာမှ တုံးဟဲ၊ သောင်းသွဒ်၊ ကျွန်းကုန်းကျေးရွာများမှတစ်ဆင့် ဖောင်းပြင်မြို့နယ် မင်းယားကျေးရွာအထိ ကျေးရွာချင်းဆက်၊ မြို့နယ်ချင်းဆက်လမ်းများကို မြေသားလမ်းအဆင့် ကနဦးဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။