(ခ)-လောင်စာနှစ်မျိုးသုံး လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရေးစက်ဝယ်ယူပြီး(၄၅)ရက်အတွင်းဓာတ်အား ထုတ်လုပ်ပေးနိုင်မည်ဟု ဖော်ပြခဲ့သော်လည်း မေ လကုန်အထိ မရရှိသေးသဖြင့် (၄၅)ရက် အတွင်း ရက်အလိုက် ဆောင်ရွက်ခဲ့ပုံများကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-07-27

မေးခွန်း အကြောင်းအရာ 

nay myo htetရန်ကုန်တိုင်းဒေသကြီးအတွက် နွေရာသီလျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျပ် ၃၀ ဘီလီယံ သုံးစွဲရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ၁၃-၃-၂၀၁၇ ရက်နေ့တွင် လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ၁၆-၃-၂၀၁၇ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ ၁၇-၃-၂၀၁၇ ရက်နေ့တွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ဆုံးဖြတ်မှုကို ရယူရာတွင် ထောက်ခံမဲ ၅၄၃ မဲ၊ ကန့်ကွက်မဲ ၁၆ မဲ၊ ကြားနေမဲ ၃ မဲဖြင့် ဘီလီယံ ၃၀ ခွင့်ပြုပြီး ပြီးခဲ့သည့်နှစ် နွေရာသီတွင် ရန်ကုန်တိုင်းဒေ သကြီးအတွက် လိုအပ်သော လျှပ်စစ် ဓာတ်အားထုတ်စက်ကိုဝယ်ရန်အတွက် ခွင့်ပြုခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအဖွဲ့က အဆိုပါဓာတ်အားထုတ်စက်ကို အစိုးရအချင်းချင်းအစီအစဉ်ဖြင့် ဝယ်ယူသွားမည်ဟု ဖော်ပြခဲ့ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အစိုးရ အချင်းချင်းဝယ်ယူပါက ၄၅ ရက်ဖြင့် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ကြားခံအဖွဲ့ အစည်းအဖြစ် ရန်ကုန်တိုင်းဒေသကြီးက အစုရှယ်ယာအများဆုံးဖွဲ့စည်းထားသော Yangon Fund Co.,Ltd က ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း၊ အဆိုပါတင်ပြချက်ထဲတွင် ပြည်ထောင်စုလွှတ်တော်က သဘောတူခွင့်ပြုပါက စာချုပ်ပြင်ဆင်သည့်ကာလကို ခုနစ်ရက်ကြာမြင့်မည်ဟု တင်ပြခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ သဘောထားမှတ်ချက်တောင်းယူရာတွင် ပုံမှန် တစ်လခွဲခန့်ကြာမြင့်နိုင်သော်လည်း အစိုးရအချင်းချင်းဝယ်ယူမည့်ကိစ္စဖြစ်သောကြောင့် သဘောထားမှတ်ချက် ကာလတိုတောင်းနိုင်မည်ဖြစ်ပြီး စာချုပ်ပြီးပါက သင်္ဘောတင်ကာလကို ၃၀ ရက်နေ့၊ ပစ္စည်းရောက်ရှိသည့်ကာလကို ၁၅ ရက်နေ့၊ စာချုပ်ချုပ်ဆိုပြီး ၄၅ ရက် အတွင်း ဓာတ်အားထုတ်ယူရန် ဘီလီယံ ၃၀ ကို ထုတ်ယူခဲ့သော်လည်း ပြီးခဲ့သည့်နှစ် နွေရာသီတွင် အဆိုပါစက်ကို ၄၅ ရက်အတွင်း တပ်ဆင်ပြီးစီးခြင်း မတွေ့ရှိရပါကြောင်း၊ ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေမှ ကျပ် ၃၀ ဘီလီယံထုတ်ယူ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလ၌ လျှပ်စစ်မီးအသုံးပြုနိုင်ရန်အတွက် သဘောဝ ဓာတ်ငွေ့နှင့် ဒီဇယ်လောင်စာနှစ်မျိုးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ဝယ်ယူရန် ပြည်ထောင်စုလွှတ်တော်၏ခွင့်ပြုချက်ရယူပြီး ၄၅ ရက်အတွင်း ဓာတ်အား ထုတ်လုပ်နိုင်မည်ဟု ဖော်ပြခဲ့သော်လည်း မေလကုန်အထိ တပ်ဆင်ပြီးစီးခြင်းမရှိသည့်အတွက် ၄၅ ရက်အတွင်း လုပ်ငန်းအဆင့်ဆင့်ကို မည်ကဲ့သို့လုပ်ဆောင်သည်ကို သိရှိလိုပါကြောင်းနှင့် မည်သည့်အတွက်ကြောင့် သတ်မှတ်ကာလ ၄၅ ရက်အတွင်း မထုတ်လုပ်နိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။