(ဂ)-မုန်းချောင်းရေအား လျှပ်စစ်စက်ရုံမှ ရရှိသော လျှပ်စစ်ဓာတ်အားခတချို့ကိုမုန်းတမံတည်ဆောက် မှုကြောင့် နစ်နာဆုံးရှုံးခဲ့သည့် ဒေသခံကျေးရွာများ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-07-27

မေးခွန်း အကြောင်းအရာ 

kyaw aung lwinမုန်းချောင်းရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် မုန်းတမံကို ၁၉၉၇-၉၈ တွင် စတင်ခဲ့ပြီး ၂၀၀၂-၀၃ တွင် ပြီးစီးခဲ့ပါကြောင်း၊ ကုန်ကျစရိတ် မြန်မာငွေကျပ်သန်း ၁၄၄၀ ၊ အမေရိကန်ဒေါ်လာ ၃၂ သန်းဖြစ်ပါကြောင်း၊ ၂၅ မဂ္ဂါဝပ် ၁၃ လုံးတပ်ဆင်ထားပြီး တစ်နှစ်ကို ကီလိုဝက် သန်း ၃၃၀ ထွက်ရှိသည့်အတွက် ခန့်မှန်းငွေကျပ်သန်း ၅၉၀၀ ကျော်ကို နိုင်ငံတော်အတွက် ရှာပေးနေပြီး တစ်နှစ်ပတ်လုံး လည်ပတ်နိုင်သည့် စက်ရုံမှာ မုန်းရေ အားလျှပ်စစ် စက်ရုံတည်ဆောက်ရန် မုန်းတမံပိတ်မှုကြောင်‌့ ရေဝပ်ဧရိယာ ၁၀၆၇ စတုရန်းမိုင်တွင် ရွာ ၁၃ ရွာ၊  အိမ်ထောင်စု ၆၀၉ အိမ်ထောင်စု၊ လယ် ၇၁၄ ဧက၊ ယာ ၃၂၇၄ ဧကနှင့် စုစုပေါင်း ၃၉၈၈ ဧက နစ်မြှုပ်ခဲ့ပါကြောင်း၊ မိုးတွင်းအခါ ရေဘေးအန္တရာယ်ကိုလည်း ကြောက်လန့်ရသည့်အပြင် ရေကျသွားသည့် အခါ နုန်းထုဖုံးလွှမ်း၍ လူများ၊ နွားများနစ်မြုပ်သည့်အတွက် ရွာလမ်းများ ပျောက်ဆုံးနေပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင် ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင်‌့ စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်ဟုလည်း ပါရှိပါကြောင်း၊ အမျိုးသားစွမ်းအင်မူဝါဒ ကိုးချက်အနက် နံပါတ်(က)တွင် ရှာဖွေတွေ့ရှိသည့် စွမ်းအင်သယံဇာတများ ထွက်ရှိရာဒေသအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး အချိုးကျရပ်တည် ရရှိသုံးစွဲမှု ဖြစ်စေရေး ဆောင်ရွက်ရန်ဟူ၍ ပါရှိပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေအားလျှပ်စစ် စက်ရုံမှရရှိသော လျှပ်စစ်ဓာတ်အားခများထဲမှ တချို့အဝက်ကို မုန်းတမံတည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံးဒုက္ခရောက်ခဲ့ကြသည့် ဒေသခံကျေးရွာများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။