(ခ)-လွိုင်လင်မြို့ပေါ် ရပ်ကွက် (၁)/(၂)/(၃)/(၄) တို့တွင် ရေအလုံအလောက် ဖြန့်ဝေပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-07-28

မေးခွန်း အကြောင်းအရာ 

khin maung thiရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်မှ ပြည်သူများနှင့် တွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲများကို ၂၀၁၇ ခုနှစ် မေလဆန်းပိုင်းတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူများမှ ၂၀၁၇ ခုနှစ် မတ်လကုန် ဧပြီလမှစ၍ သောက်ရေသုံးရေများ အခက်အခဲများရှိသည်ဟုတင်ပြလာပါကြောင်း၊ လွိုင်လင်မြို့ပေါ်ရပ်ကွက်များတွင်   သောက်ရေသုံးရေရရှိရေးအတွက် နောင်တောင်းကန်မှ ပိုက်လိုင်း များဖြင့် ရေဖြန့်ဝေပေးလျက်ရှိသော်လည်းပဲ တချို့ရပ်ကွက်နေရာများမှာ ရေဖြန့်ပေးနိုင်ခြင်းမရှိဘဲ ကျန်ရှိလျက်ရှိပါကြောင်း၊ ကုန်းမြင့်ပိုင်းများမှာတွင် ရေပိုက်သွယ်တန်းမှုရှိသော်လည်း ရေမရောက်ခြင်း၊ ရေအပတ်စဉ်မဖြန့်ဝေနိုင်ခြင်းများ ရှိခဲ့ပါကြောင်း၊ မြကန်သာရေကန် တွင် ရေတင်၍ ဌာနဆိုင်ရာများ ကိုပေးဝေမည်ဟုသိရှိရပါကြောင်း၊ နောင်တောင်းကန်၏ ရေမျက်နှာ သည် များစွာလျော့နည်းသွားခဲ့ပြီး မြို့ပေါ်သို့ပေးပို့သည့် ရေများတွင်လည်း အနည်အနှစ်များပြားပြီး သောက်သုံးရန်အတွက် အနည် ချပြီးမှ အသုံးပြုရပါကြောင်း၊ နွေရာသီတွင်လည်း ရေပေးဝေမှုများ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ ပါကြောင်း၊ နေ့စဉ်အချိန်မီပေးပေးဝေနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ လက်ရှိ နောင်တောင်းကန်မှ ရေပိုက် လိုင်း များသည် ချေးငွေဖြင့်တည်ဆောက် ခဲ့ပြီး အနည်ချကန်တည်ဆောက်ရန် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါကြောင်း၊ ယခင်က နောင်တောင်းကန်မှ ရေပိုက်လိုင်း သွယ်တန်းပြီး ‌ဆေးတပ်စွယ်အပေါ်ဘက် ကုန်းမြင့်နေရာမှ ရေစုကန်၊ အနည်ချကန်များဖြင့် မြို့တွင်းသို့ သန့်ရှင်းသော သောက်သုံးရေများ ပေးဝေခဲ့ကြောင်း၊ နောင်တောင်းကန်မှ ဆေးတပ်စွယ်အပေါ်ဘက်ရှိ ရေစုကန်၊ ရေအနည်ချကန်များတို့ ပိုက်လိုင်းများသွယ်တန်းပြီး၊ ရပ်ကွက်(၂)အတွင်းရှိ အိမ်ထောင်စုများသို့ သန့်ရှင်းသော သောက်ရေ၊ သုံးရေပေးဝေနိုင်မည်ဖြစ်ကြောင်း ၊ ကုန်းမြင့်ပိုင်းမှာရှိတဲ့နေရာများတွင်လည်း စက်ရေတွင်း၊ ဦးစီးတွင်းများ တူးပြီး ရေပေးဝေရန် အစီအစဉ်များ ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် ကိုလည်း သိလိုပါကြောင်း၊ထို့ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ပေါ်ရပ်ကွက် များတွင် သန့်ရှင်းသောသောက်ရေသုံးရေ အလုံအလောက်ဖြန့်ဝေပေးရန် မည်သို့အကောင်အထည် ဖော်ဆောင်ရွက်၍ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပြီးစီးမည် ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။