(င)-ကျေးရွာချင်းဆက်လမ်းများ တည်ဆောက်ရာ တွင်စနစ်တကျလမ်းပုံစံထုတ်ပြီးတည်ဆောက်ပေး ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2017-07-28

မေးခွန်း အကြောင်းအရာ 

naing naing lwinမိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ၆၅၀၀၀ ကျော်ရှိပါကြောင်း၊ ချင်းပြည်နယ်ရှိ ကျေးရွာချင်းဆက်လမ်းအများစုသည် ကျေးလက်နေ ပြည်သူများကိုယ်တိုင်က ဖောက်လုပ်ခဲ့သောလူသွားလမ်းများဖြစ်ပြီး မော်တော်ယာဉ်သွားလာ နိုင်သည့်အဆင့်အထိ ဖောက်လုပ်ခဲ့ကြပါကြောင်း၊ လမ်းတစ်လမ်းကိုတည်ဆောက်ရာတွင် ဖို့မြေ၊ ဖြတ်မြေလုပ်ငန်း၊ လမ်းတာချဲ့ခြင်းလုပ်ငန်း၊ မျက်ကွယ်ကွေ့များဖြောင့်ခြင်းလုပ်ငန်း စသည့်လုပ်ငန်းများကို ဦးစွာလမ်းပုံစံထုတ်ပြီး လမ်းပုံစံအမှန်ရမှသာ မြေသားတာပေါင်တင်ခြင်း၊ ကျောက်ချောခင်းခြင်း၊ ကတ္တရာခင်းခြင်း လုပ်ငန်းများကို တစ်ဆင့်ချင်းဆောင်ရွက်ကြမှသာ ပုံစံမှန်သောလမ်းများကို ရရှိစေမည်ဖြစ်ပါကြောင်း၊

၂၀၁၆-၁၇ ခုနှစ်တွင် ကျေးလက်လမ်းတစ်ခုကို ကတ္တရာခင်းရန် ဘတ်ဂျက်ကျလာ၍ အဆိုပါလမ်းကိုမခင်းမီ သွားရောက်လေ့လာရာတွင် မတ်စောက်သော ကုန်းဆင်းတစ်ခုရှိနေပါကြောင်း၊ ဌာနနှင့် ကုမ္ပဏီကို ပြုပြင်ပေးရန် ညှိနှိုင်းဆွေးနွေးသည့်အခါ ကုမ္ပဏီက အတိုင်းအတာတစ်ခုအထိသာ ဆောင်ရွက်ပေးသည့်အတွက် လိုချင်သည့် အနေအထားကို မရောက်ပါကြောင်း၊ တင်ပြလိုသည်မှာ ကုမ္ပဏီ၏ဘတ်ဂျက်က ကတ္တရာခင်းခြင်း လုပ်ငန်းသာ ပါရှိပြီး ဖို့မြေ၊ ဖြတ်မြေအတွက် မပါရှိပါကြောင်း၊ လမ်းပုံစံပြင်မည်ဆိုပါက ခင်းပြီးသားကျောက်ချောလမ်းကို အရင်ဖယ်ထုတ်လိုက်ရမည်ဖြစ်ပြီး ဖြတ်မြေလုပ်ငန်းလုပ်ဆောင်ပြီးပါက ပြန်လည်၍ကျောက်ချောခင်းခြင်း၊ စက်ဖြင့်ကြိတ်ခြင်းတို့အတွက် ဆောင်ရွက်ရန်ဘတ်ဂျက်မပါရှိသည့်အတွက်  အခက်အခဲကြုံရသည့်အတွက် ရှိသည့် လမ်းအပေါ်တွင်သာ  ကွေ့ကောက်နေသည့်အတိုင်းခင်းထားခြင်းများ ဖြစ်ရသည်မှာ လမ်းမခင်းခင် လမ်းပုံစံထုတ်ပြီး စနစ်တကျ မတည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ယနေ့ ပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ကျေးရွာများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာ၍ ရုတ်တရက်ဖွံ့ဖြိုးတိုးတက်လာတော့မှ မော်တော်ယာဉ်များ သွားလာမှုအဆင်မပြေ၍ လမ်းပုံစံမမှန်သည့်အတွက် ပြန်လည်တည်ဆောက်ရမည်ဆိုပါက အချိန်များကုန်သကဲ့သို့ နိုင်ငံတော၏ငွေကြေးများလည်း လေလွင့်ဆုံးရှုံးစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာချင်းဆက်လမ်းများ တည်ဆောက်ရာတွင် စနစ်တကျလမ်းပုံစံထုတ်ပြီး တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။