(ဂ)-ကုန်းလမ်းသယ်ယူပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် ကိုယ်အင်္ဂါမပြည့်စုံသူများ၏ လျှောက်ထားမှုကို ငြင်းပယ်ခံနေရပါသဖြင့် မည်သို့ဆောင်ရွက်ပေး မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)တွင် ကိုယ်အင်္ဂါမပြည့်စုံသူများ အနေဖြင့် မော်တော်ယာဉ်ကောင်းစွာမောင်းနိုင်သည့်အတွက် (ခ)လိုင်စင်(ခေါ်) သုံးတန်အောက်အိမ်စီးကားများ မောင်းနှင်ခွင့်လျှောက်ထားရာတွင် စစ်ဆေးခြင်းကို မပြုလုပ်ဘဲ ကိုယ်အင်္ဂါမပြည့်စုံသည့်အတွက် ဖြေဆိုခွင့်ကို ပယ်ချခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၃၀) ပုဒ်မ ၁၂ တွင် မသန်စွမ်းသူ များသည် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာန်တန်တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာ၊ မသန်မစွမ်း အမျိုးအစား မခွဲခြားဘဲ (က) ဥပဒေအရာ၌ အညီအမျှဖြစ်စေရမယ်၊ (ခ) အခြားသူများနှင့် ညီမျှ သော အခွင့်အရေးရရှိစေရမည်ဟု ဖော်ပြထားပါကြောင်း၊
ပုဒ်မ ၁၄ ပုဒ်မခွဲ(ခ)တွင် မွေးရာပါရှင်သန်ခွင့်၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ ကိုးကွယ် ပိုင်ခွင့်အပါအဝင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အခြားသူများနှင့် အတူ ခံစားခွင့်ရှိစေရမည်ဟုလည်း ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ကုန်းလမ်း သယ်ယူပို့ဆောင်ညွှန်ကြားမှုဦးစီးဌာနက မသန်စွမ်းသူများအပေါ် ယာဉ်မောင်း လိုင်စင် လျှောက်ထားပြီး ဖြေဆိုခွင့်ကို ပိတ်ပင်ထားသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။