(ဃ)-သဘာဝဘေးအန္တရာယ် ကြုံတွေ့ပါက ထိ ခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်း ရန်ဖုန်းမှ စာတိုစနစ်သုံး ဘေးအန္တရာယ်ကြိုတင် သတိပေးချက် ထုတ်ပြန်ရေးစနစ်ဖြင့်ဆောင်ရွက် ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
သဘာဝဘေးအန္တရာယ် ပေါင်းစုံဝိုင်းရံနေပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်များ တွေ့ကြုံလာပါက ကြိုတင် သတိပေးချက် ထုတ်ပြန်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းတို့ အရေးကြီးလှပါကြောင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်းသည် ကမ္ဘာ့ ဘေးအန္တရာယ်ဆိုးသမိုင်းတွင် သေပျောက်မှုအများဆုံး မှတ်တမ်းဆိုးကြီး ကျန်ရစ်ခဲ့ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်သတိပေးမှု အားနည်းခြင်း၊ ကြိုတင်ကာကွယ်မှု အားနည်းခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးအားနည်းခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ မြေငလျင်ဘေး၊ မီးတောင်ပေါက်ကွဲခြင်းဘေးတို့ကို ကြိုတင်သတိပေးချက် ထုတ်ပြန်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်ပါက နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကယ်တင်စောင့်ရှောက်နိုင်ပါလိမ့်မည် ဖြစ်ပါကြောင်း၊
နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သတိပေးချက် ထုတ်ပြန်ရာတွင် ရေဒီယို၊ ရုပ်မြင်သံကြား၊ FM ရေဒီယို၊ တယ်လီဖုန်း၊ အင်တာနက် Website၊ E-Mail၊ Mobile Telephone၊ SMS စာတိုစနစ် စသည်ဖြင့် နည်းမျိုးစုံအသုံးပြု ဖြန့်ချိနေကြသည့်အနက်မှ SMS စာတိုစနစ်နှင့် Mobile phone အသုံးပြု၍ သတင်းထုတ်ပြန် ကြေညာချက်သည် ထိရောက်မှု အရှိဆုံးဖြစ်ပါကြောင်း၊ စာတိုစနစ်သုံး ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေးစနစ်၏ အားသာချက်က သတိပေးချက်များကို အသုံးပြုသူ မြောက်များစွာထံ တစ်ပြိုင်နက်တည်း ပေးပို့နိုင်ခြင်းဖြင့် ဘေးအန္တရာယ်နှင့် ပတ်သက်သော တိကျသော သတင်းအချက်အလက်များကို ပြည်သူတို့ အချိန်နှင့် တစ်ပြေးညီ အခမဲ့ ရရှိနိုင်ခြင်း ဖြစ်ပါကြောင်း၊
၂၀၀၈ ခုနှစ် သြဂုတ်လ ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ရေလွှမ်းမိုးမှုတွင် အစိုးရအနေဖြင့် Mobile phone များအသုံးပြု၍ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စီမံပေးခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့ချနိုင်ခဲ့ပါကြောင်း၊ ဤစနစ်ကို ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထည့်သွင်း အသုံးချနိုင်ခြင်းကြောင့် ၂၀၀၈ ခုနှစ် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ရေလွှမ်းမိုးမှုတွင် ပျက်စီးဆုံးရှုံးမှုများကို လျော့ချနိုင်ခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ် ပခုက္ကူ၊ ဆိပ်ဖြူဒေသ မုန်တိုင်းရေဘေးတွင် ကြီးမားသော ရေလှိုင်းကြီးများ ရုတ်တရက်ကျရောက်လာ၍ ရွာများကို တိုက်စားသွားသော်လည်း Mobile phone များဖြင့် အထက်ဘက် ကျေးရွာများမှ အောက်ဘက်ကျေးရွာများကို ကြိုတင်သတင်းပေးမှုကြောင့် သေပျောက်မှုနှင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် Mobile phone အသုံးပြု ဘေးအန္တရာယ်ကြိုတင်သတိပေးချက် အခမဲ့ထုတ်ပြန်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor၊ Ooredoo စသည့် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများနှင့်အတူ ကျေးလက်နေ ပြည်သူအများစုသည် Mobile phone များ သုံးစွဲနေကြပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ညှိနှိုင်း၍ ပြည်သူကို Mobile phone အသုံးပြုဘေးအန္တရာယ် ကြိုတင်အသိပေးချက် ထုတ်ပြန်ရေးစနစ် အခမဲ့ ဝန်ဆောင်မှုပေးရန် ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများ ထုတ်ပြန် ဆောင်ရွက်ပါက နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် စေတုတ္တရာဒေသကို တမံရေပြင်ကြီးများအောက်တွင် ထိတ်လန့်နေရသော ပြည်သများအတွက် ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေကြီးရေလျှံဘေးများ ကြုံတွေ့လာပါက ဘေးအန္တရာယ် ကြိုတင်သတိပေးချက်များသည် အထူးအရေးတကြီးလိုအပ်လှပါကြောင်း၊ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် မိုဘိုင်းဖုန်းများအသုံးပြု၍ စာတိုစနစ်သုံး ဘေးအန္တရာယ်ကြိုတင်သတိပေးချက် တုန့်ပြန်ရေးစနစ် ( SMS DISASTER ALRETS SYSTEM) ဖြင့် ကြိုတင် သတိပေးခြင်းဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။