(င)-ကလေးမြို့နယ်၊ မြစ်သာမြစ်ဝဲယာရှိ ဒေသခံ တောင်သူလယ်သမားများအတွက် ကူးတို့များအား လေလံ စနစ်အစား ဒေသခံတောင်သူလယ်သမား အများစု ဦးစီး ဆောင်ရွက်သော တောင်သူကူးတို့ များဖြင့် ပြောင်းလဲ လုပ်ပိုင်ခွင့်ပေးရန် အစီအစဉ် ရှိ /မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မေးခွန်း၏ ရည်ရွယ်ချက်မှာ မြစ်သာမြစ်ဝဲ/ယာတွင် ကျေးရွာပေါင်း ၂၁ ရွာ၊ အိမ်ထောင်စုပေါင်း ၃၅၇၁ စုနှင့် လူဦးရေ ၁၆၃၅၀ ဦးတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာရေးနှင့် ဆင်းရဲမှုလျှော့ချရေး အတွက်ဖြစ်ပါကြောင်း၊ စီးဆင်းသည့် မြစ်သာမြစ်အရှည်သည် ၇၄ မိုင်ရှိပြီး ကလေးမြို့နှင့်ဂန့်ဂေါမြို့နယ် အစပ်နားတွင် ကြိုးတံတားငယ်တစ်စင်းသည် ကျေးရွာအနည်းငယ်ကိုသာ အကျိုးပြုနေခြင်းကြောင့် ရွာချင်းဆက်လမ်း အနည်းငယ်ရှိသည့် လမ်းများမှာ မိုးရာသီတွင် သွားရေးလာရေးခက်ခဲ လျက်ရှိပါကြောင်း၊ အခြားကျန်ရှိသည့် ကျေးရွာများက မြစ်ကူး၊ ကူးတို့၊ စက်လှေများကိုသာ မဖြစ်မနေအားထားနေရခြင်း ဖြစ်ပါကြောင်း၊
မြစ်သာမြစ် ဖြတ်သန်းစီးဆင်းသည့်အတွက် ရေထွက်အင်အားကြီးမားပြီး ရေစီးသန်ခြင်းကြောင့် ရေတိုက်စားမှု များပြီး ရေကြောင်းပြောင်းလဲမှု မြန်ခြင်းနှင့်အတူ ရေမျက်နှာပြင် ကျယ်ပြန့်ခြင်းဖြစ်ပေါ်ပြီး ကောင်းကျိုးအနေဖြင့် အကျိုးပြုသည်မှာ အဖိုးတန်လှသည့် မြေနုကျွန်းများစွာ ရရှိခြင်းဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ လုပ်ငန်းခွင်ဝင်ရန်အတွက် မြစ်ကိုဖြတ်ကူးသည့်အခါ ခိုင်းနွားများနှင့် လယ်ယာသုံးပစ္စည်းများကို သယ်ယူကြရသည်မှာ အခက်အခဲများစွာရှိပါကြေင်း၊
မြစ်အရှေ့ဘက်ခြမ်းရှိရွာ ၂၁ ရွာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ လိုင်စင်ချထားပေးပြီး လုပ်ကိုင်နေသည့် ကူးတို့များက ၁၂ ခုရှိပါကြောင်း၊ ၎င်းကူးတို့များကို လုပ်ငန်းချထားပေးခဲ့သည့် စနစ်က ဈေးပြိုင်လေလံစနစ်ဖြစ်ပြီး အောင်မြင်သွားသည့် လေလံဈေးနှုန်းများက အနိမ့်ဆုံး ၅၃၀၀၀၀ ကနေပြီး အများဆုံး ၂၇၀၀၀၀၀ ထိဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များက ကောက်ယူသည့် ကူးတို့ခ နွားတစ်ကောင် ၃၀၀၀ ကျပ်၊ လူတစ်ယောက် ၅၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီး ၅၀၀ ကျပ်၊ လူတစ်ဦး အသွား/အပြန်ကို ၂၀၀၀ ကျပ်ခန့် ဖြစ်ပါကြောင်း၊ ဒေသခံများအနေဖြင့် ကူးတို့ခအဖြစ် တစ်နှစ်လျှင်သိန်းပေါင်း ၃၂၇ သိန်း ကုန်ကျခံရခြင်း ဖြစ်ပါကြောင်း၊ ၎င်းငွေကြေးများသည် လုပ်ငန်းရှင်များ၏ အမြတ်ငွေများ မပါဝင်ပါကြောင်း၊ တိုင်းပြည်တိုးတက်ရန်အတွက် အခွန်အခများရရှိရေးသည်လည်း မဖြစ်မနေလိုအပ်ပါကြောင်း၊ အခွန်အခရရှိရေးကို အကြောင်းပြုပြီး လုပ်ငန်းရှင်များ အပြိုင်အဆိုင်ဈေးပြိုင်စစ်ခြင်းသည် အခြားနေရာများတွင် သင့်တော်သော်လည်း ကျေးရွာချင်းဆက်လမ်းများမရှိဘဲ သီးခြားဒေသတစ်ခုကဲ့သို့ ဖြစ်နေသည့်အတွက် ဖွံ့ဖြိုးမှုလွန်စွာအားနည်းသည့် မြစ်သာမြစ်ဝဲ/ယာရှိ ကျေးရွာများအတွက် ရေနစ်ရာဝါးကူထိုးကဲ့သို့ ဖြစ်နေပါကြောင်း၊
ကလေးမြို့နယ်၊ မြစ်သာမြစ်ဝဲ/ယာရှိ ဒေသခံတောင်သူလယ်သမားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် ကူးတို့များအား ဒေသခံများလူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အစဉ်အလာဖြင့် တစ်လျှောက်လုံး လေလံစနစ်ဖြင့် လုပ်ငန်းရှင်များ လုပ်ကိုင်စေခဲ့တဲ့စနစ်အစား နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သောအခွန်အခ များ ရရှိစေပြီး ဒေသခံများလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ ဒေသခံတောင်သူလယ်သမားအများစု ဦးစီးဆောင်ရွက်သော တောင်သူကူးတို့များအဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ အား သက်ဆိုင်ရာသို့ မေးမြန်းအပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။