(က)-ပန်ဆောင်မြို့ပေါ်မှ နယ်စပ်အထိ (၁/၃)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းအားသတ်မှတ်ဘဏ္ဍာနှစ် အတွင်းလုပ်ငန်းပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမ ရှိသော Dragon Power Light ကုမ္ပဏီအား အရေး ယူပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2017-08-02

မေးခွန်း အကြောင်းအရာ 

u one hlaနန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ မြို့တွင်းလမ်းသည် မြို့အဝင်ဆိုင်းဘုတ်မှ နယ်စပ်အထိ သုံးမိုင်ကွာဝေးပါကြောင်း၊ မြို့တွင်းမှနယ်စပ်အထိ ၁ မိုင် ၃ ဖာလုံကို Dragon Power Light ကုမ္ပဏီမှ ပြည်ထောင်စုအဆင့် တင်ဒါတိုက်ရိုက်အောင်မြင်ပြီး တာဝန်ယူဆောင်ရွက်ထားရတာဖြစ်ပြီး နောက်ပိုင်းတွင် ၁ မိုင်ထပ်တိုးပြီး စုစုပေါင်း ၂ မိုင်နှင့် ၃ ဖာလုံတာဝန်ယူထားခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်အထိ ၎င်းလမ်းသည် ကျောက်ပုံများစီထားသော်လည်း ကတ္တရာခင်းနိုင်ခြင်းမရှိသေးပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ဒေသခံတစ်ဦးကို အကူအညီတောင်းပြီး တာဝန်ယူကြီးကြပ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော်ကုမ္ပဏီအနေဖြင့် တာဝန်ယူ ကြီးကြပ်လုပ်ဆောင်သူကို ပစ္စည်းနှင့် ငွေကြေးအလုံအလောက် ပံ့ပိုးပေးခြင်းမရှိသည့်အတွက် ယနေ့အချိန်အထိ ကြန့်ကြာနေရခြင်းဖြစ်ပါကြောင်း၊ တင်ဒါအောင်သည့်နောက် လုပ်ငန်းစတင်ရန် ခဏရောက်လာပြီး ပြန်သွားခြင်းဖြစ်ပါကြောင်း၊ ဖုန်းဖြင့်ဆက်သွယ်ရန် ခက်ခဲသဖြင့် မြေပြင်တွင် အလုပ်လုပ်သည့်သူများအတွက် အင်မတန်အခက်အခဲကြုံနေရ ခြင်းဖြစ်ပါကြောင်း။

ယခုလို အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံတော်၏ဘဏ္ဍာ အလေအလွှင့်ဖြစ်စေပြီး အရည်အသွေး ပြည့်မီမှုမရှိသည့်အခါ နိုင်ငံတော်အတွက်ရော လူထုအတွက်ပါ နစ်နာမှုအများကြီးဖြစ်စေပါကြောင်း၊ ထို့ကြောင့် ယခုအချိန်အထိ လုပ်ငန်းအချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့် Dragon Power Light ကုမ္ပဏီကို အရေးယူပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။