(ခ)-တမူးမြို့နယ်၊မြန်မာ၊အိန္ဒိယနယ်စပ်ကုန်သွယ်မှု ပမာဏမြှင့်တင်ပေးနိုင်ရန်ကုန်သွယ်ရေးဇုန်အကောင် အထည်ဖော်ဆောင်ရွက်ပေးမည့်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-08-02

မေးခွန်း အကြောင်းအရာ 

u naing naing winတမူးနယ်စပ်ကုန်သွယ်ရေးစခန်းကို ၁၉၉၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းဆက်စပ်နီးကပ်စွာ တည်ရှိနေသည့် နယ်စပ်မြို့တစ်မြို့ဖြစ်သောကြောင့် နိုင်ငံတော်အတွက် စီးပွားရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်စပ်ဒေသကုန်သွယ်ရေးအရ အရေးပါပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၈.၂ သန်းအထိ တိုးတက်ဆောင်ရွက်လာနိုင်ပါကြောင်း၊ ပို့ကုန်များအဖြစ် ကွမ်းသီး၊ ဆေးလိပ်၊ ပန်းသီး၊ ဖိနပ်အစရှိသည်တို့ကို အဓိကထားတင်ပို့ပါကြောင်း၊ မြန်မာနိုင်ငံဘက်က တားမြစ်ကုန်စည်များကလွဲ၍ အားလုံးခွင့်ပြုထားပြီး အိန္ဒိယနိုင်ငံမှ ကုန်စည် ၆၂ မျိုးအား ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊

 နိုင်ငံတော်သမ္မတ၏ ၂၇-၈-၂၀၁၆ ရက်နေ့ အိန္ဒိယနိုင်ငံခရီးစဉ်တွင် တမူးနယ်စပ်ဒေသနှင့် ပတ်သက်နေသော သုံးနိုင်ငံအဝေးပြေးလမ်းမကြီး တမူး-ကျီကုန်း-ကလေးဝ လမ်းပိုင်းများရှိ တံတားများနှင့် ချဉ်းကပ်လမ်းများ တည်ဆောက်‌ရေး၊ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ ကလေးဝ-ရာကြီးလမ်းပိုင်းတည်ဆောက်ရေး အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ဒေသ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာများနှင့်အညီ နယ်စပ်ဒေသ၌ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုံးစုံဖော်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှစ်ဘက်သဘောတူညီနိုင်ခဲ့ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိထားပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၁၆-၁၀-၂၀၁၆ ရက်နေ့ အိန္ဒိယနိုင်ငံခရီးစဉ်တွင်လည်း နှစ်နိုင်ငံကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ပိုမိုအရှိန်မြှင့်တင် အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ တမူး-စစ်တောင်း-ပင်လယ်ဘူး-ထီးချိုင့်-မံစီ-နမ့်ခမ်း-မူဆယ် မဟာဗျူဟာလမ်းမကြီး MAR 22 လမ်းမကြီးသည်လည်း တည်ဆောက်သွားရန် Future Plan အနေဖြင့် ရှိနေပြီဖြစ်ပါကြောင်း၊

ယခုကဲ့သို့ အခြေခံကောင်းများရှိနေသော အကြီးမားဆုံးဈေးကွက်ကြီးကိုရရှိထားပြီး နိုင်ငံတော်အတွက် တစ်နှစ်လျှင်အခွန်ငွေဒေါ်လာ သန်းဆယ်ချီပေးဆောင်နေသော်လည်း မိမိတို့နယ်စပ်ဒေသကုန်သွယ်ရေးတွင် လက်ရှိရောင်းဝယ်နေကြသော ကုန်သည်များက ကုန်ပစ္စည်းများသိုလှောင်ရန် တစ်ဘက်နိုင်ငံနှင့် ခြေတစ်လှမ်းသာ ဝေးကွာသည့်နေရာတွင် ဂိုဒေါင်ကိုဆောက်လုပ်ရခြင်း၊ လမ်းခင်းရခြင်း၊ လျှပ်စစ်မီး၊ ရေရရှိ‌ရေးများအတွက် မိမိဘာသာစီစဉ်ဆောင်ရွက်နေရပါကြောင်း၊ ဂိုဒေါင်စုစုပေါင်း ၅၃ လုံး ရှိပါကြောင်း၊ ကုန်သွယ်ရေးဇုန် တည်ဆောက်ရန်မြေနေရာ ဧက ၆၀ လျာထားပြီးဖြစ်ပါကြောင်း၊ ကုန်သွယ်ရေးဇုန်ကို ဆောက်လုပ်နိုင်ပါက ဂိုဒေါင်များ၊ ကုန်စည်ဒိုင်များ၊ အရောင်းပြခန်းများနှင့် လုံခြုံမှုများအပြင် ဈေးကွက်အသာစီးရရှိလာမည် ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးပမာဏကိုလည်း မြင့်တက်လာစေမည် ဖြစ်ပါကြောင်း၊ Future Plan အနေဖြင့် တည်ဆောက်မည့် တမူး-ဖောင်းပြင်-ပင်လယ်ဘူး-ထီးချိုင့်-နမ့်ခမ်း-မူဆယ် မဟာဗျူဟာလမ်းမကြီးသည် ၅၅၈ ကီလိုမီတာသာ ရှိပါကြောင်း၊ လက်ရှိ တမူးမှ မန္တလေး-လားရှိုး-မူဆယ်ကို သွားမည်ဆိုပါက ၁၀၃၃ ကီလိုမီတာကွာဝေးပါကြောင်း၊ ကီလိုမီတာ ၅၀၀ ခန့်သက်သာပြီး အိန္ဒိယနှင့်တရုတ်ပြည်ကို ချိတ်ဆက်ပေးမည့် ဗျူဟာလမ်းမကြီးဖြစ်ပါကြောင်း၊

အခြေခံကောင်းများရှိနေသော မိမိတို့နယ်စပ်ဒေသတွင် အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏သတင်းနှင့် နည်းပညာဆိုင်ရာ စက်မှုထုတ်ကုန်များကိုလည်း မိမိတို့နှင့်ဆက်သွယ်ဆောင်ရွက်ရန် ဦးတည်ကြိုးပမ်းနေပါကြောင်း၊ သို့ဖြစ်ပါ၍ အခွင့်အလမ်းကောင်းများကို အချိန်ကိုက်အသုံးချနိုင်ရန် တမူးမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးအား ကုန်သွယ်မှုပမာဏမြှင့်တင်ပေးနိုင်ရန် ကုန်သွယ်ရေးဇုန် အကောင်အထည် ဖော်ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။