(ဂ)-နိုင်ငံ့ဝန်ထမ်းဆရာ/မများနှင့်ပညာရေးဝန်ထမ်း များအားလုံးအားနှစ်စဉ် ဝတ်စုံစရိတ်ချီးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
နိုင်ငံ့ဝန်ထမ်းဥပဒေ ၂၀၁၃ ၏ ပုဒ်မ ၁၁ တွင် ဝန်ထမ်းသည် အောက်ပါအခြေခံ အခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်ဟုပါရှိပြီး အထက်ပါ ဥပဒေပုဒ်မ ၁၁ အပိုဒ်ခွဲ (ဂ) တွင် လုပ်အား၊ အတတ်ပညာ၊ တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့် ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်ခံစားခွင့်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းဥပဒေတွင် တာဝန်ထမ်းဆောင်ခွင့်နှင့် လျော်ညီသည် ဟုပါရှိသဖြင့် တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသော ဝတ်စုံများကို ဆရာ/မများဆင်မြန်းရပါကြောင်း၊ သို့အတွက်ကြောင့် ပုဒ်မ ၁၁ အပိုဒ်ခွဲ (ဂ) တွင် ပြဋ္ဌာန်းထားသော တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့် ထောက်ပံ့ကြေးနှင့်အခြားစရိတ် ခံစားခွင့်ဖြင့် ဝတ်စုံစရိတ်များကို ထုတ်ပေးမည်ဆိုလျှင် အကျုံးဝင်နိုင်သည်ဟု ယူဆမိပါကြောင်း၊
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က မိမိတို့အစိုးရအနေဖြင့်လည်း မိမိတို့၏ဝန်ထမ်းများကို ဂရုတစိုက်စောင့်ရှောက်ပေးရမည့် တာဝန်ရှိသည်ကို နားလည်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများ သင့်လျော်မျှတသည့် လုပ်ခရရှိရေး၊ ကောင်းမွန်သည့် အထွေထွေခံစားခွင့်များ ရရှိခံစားနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ယခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့၌ MICC-2 တွင် ကျင်းပသော မြန်မာနိုင်ငံနိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်ချက်ကြေညာသည့် အခမ်းအနားတွင် စေတနာအပြည့်ဖြင့် ပြောကြားခဲ့ပါကြောင်း၊
မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က မေလ ၂၅ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းကို ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လစာတိုးပေးရန် အစီအစဉ်မရှိကြောင်းနှင့် အခြားပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ၃၀ ရက်နေ့တွင် ဒေါ်ယဉ်မင်းလှိုင်၏ သူနာပြုလောက မြှင့်တင်ရေးအဆိုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တစ်နှစ်လျှင်သူနာပြုများအား ဝတ်စုံစရိတ်ကျပ်နှစ်သောင်းနှင့် လစာစရိတ်ချီးမြှင့်သွားရန် Cabinet အတည်ပြုချက် ရယူမည်ဖြစ်ကြောင်းကို လွှတ်တော်တွင် ဖြေကြားခဲ့ပါကြောင်း၊
အခြေခံဆရာ/မများသည် လုံခြည်စိမ်းနှင့် အင်္ကျီဖြူကိုဝတ်လာခဲ့သည်မှာ နှစ်ပေါင်း ၆၀ နီးပါးခန့်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝတ်စုံစရိတ်ထုတ်ပေးခဲ့ခြင်း မရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ လုံခြုံရေးဝန်ထမ်းများ၊ နယ်မြေဝန်ထမ်းများကိုသာ ဝတ်စုံစရိတ်ထုတ်ပေးခဲ့ပါကြောင်း၊ ယခုအခါတွင် မူလတန်းကျောင်းသားများကို နိုင်ငံတော်က ဝတ်စုံများထောက်ပံ့နေပြီး ဆရာ/မများကို မြန်မာ့လူ့အဖွဲ့အစည်းတွင် အနန္တောအနန္တ ဂိုဏ်းဝင်များဖြစ်ရုံသာမက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက သတ်မှတ်ထားသော မြင့်မြတ်သည့် အသက်မွေးဝမ်းကျောင်းမှုကို ပြုနေသည့် Nobel Professional ဆရာ/မများ ဖြစ်သည့်အတွက် လူနေမှုဘဝ မနိမ့်ကျသင့်ပါကြောင်း၊ သို့ပါ၍ နိုင်ငံတော်ဘတ်ဂျက်အခြေအနေအရ ဆရာ/မများအတွက် စားဝတ်နေရေးနှင့် အခြားကောင်းမွန်သော အထွေထွေစရိတ် မဖော်ဆောင်သေးမည့် ကာလအတွင်း အလုပ်ဂုဏ်သိက္ခာကို ဖော်ညွှန်းသည့် ဆရာ/မများ၏ အဝတ်အစားမြှင့်တင်နိုင်စေရန်အတွက် နှစ်စဉ်ဝတ်စုံစရိတ် ဖြည့်ဆည်းပေးရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ စေတနာကို အကောင်အထည်ဖော်လိုသည့်အတွက် အထက်ပါမေးခွန်းကို မေးမြန်းပါသည်။