(င)-လုပ်ငန်းခွင်တွင်အမျိုးသမီးများသည်အမျိုးသား များနှင့်တန်းတူအသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရန် တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်များ ကိုကျား/မတန်းတူသတ်မှတ်ပေးရန်အစီ အစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ယနေ့ မြန်မာနိုင်ငံသည် စနစ်သစ်သည် တိုင်းပြည်ကို ပြန်လည် တည်ဆောက် နေချိန်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လူ့စွမ်းအားအရင်း အမြစ်အရေးပါပုံကို ညွှန်ပြချက်အရ တိုင်းပြည်အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်ဖို့၊ လူမှန်နေရာမှန်ဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ထိထိရောက်ရောက်၊ မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ လိုအပ်နေချိန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုများနေသည်ကို တွေ့မြင်နိုင်ပြီး လုပ်သားအင်အားတွင် အမျိုးသမီးလုပ်သားများပြား လျက်ရှိကြောင်းကို တွေ့ရှိနိုင်ပါကြောင်း၊ ထို့အပြင် ပထမအကြိမ်ထက် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဆခွဲခန့်ပိုမို ပါဝင်လာသည်ကို တွေ့နိုင်ပါကြောင်း၊
မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေများအရ အမျိုးသားနှင့် အမျိုးသမီး မည်သို့မျှခွဲခြား ထားခြင်းမရှိကြောင်းနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ချက်များကို တွေ့မြင်နိုင် ကြောင်း၊ သို့သော် မြန်မာ့ဓလေ့ထုံးတမ်းယဉ်ကျေးမှုများအရ အမျိုးသားများက ပိုမိုစွမ်းဆောင်နိုင်သလို ဖြစ်နေပါကြောင်း၊ ထိုသို့စွမ်းဆောင်နိုင်ပါသည်ဆိုသည့် အမျိုးသားများကို တက္ကသိုလ်ဝင်တန်းအမှတ်အချို့တွင် ခွဲခြားထားပြီး အမျိုးသမီးများ၏ တက္ကသိုလ်ဝင်မှတ်များသည် အမျိုးသားများထက် အမှတ်မြင့်နေဆဲဖြစ်ပါကြောင်း၊ အမျိုးသမီးများအနေဖြင့် အခွင့်အလမ်းကို မရနိုင်သည့်အတွက်ကြောင့် တိုင်းပြည်လည်း နစ်နာနိုင်ပါကြောင်းနှင့် ဘာသာရပ်ကို စိတ်ပါဝင်စားသူကသာ ထူးချွန် နိုင်သူဖြစ်မည်ဟု ဆိုနိုင်ပါကြောင်း၊
တည်ဆဲဥပဒေများ၊ CEDAW စာချုပ်တို့နှင့် ကွဲလွဲနေသော မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ်များတွင် ခွဲခြားထားမှု အချို့ရှိနေသေးပါကြောင်း၊
ထို့ကြောင့် (၁) လုပ်ငန်းခွင်တွင် အမျိုးသားနှင့်တန်းတူ စွမ်းဆောင်နိုင်သော အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရန် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ရလဒ်များတွင် ကျား/မတန်းတူသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ (၂) မူဝါဒချမှတ်ပြီး အစီအစဉ်ရှိနေသည်ဆိုပါက မည်သို့စီမံဆောင်ရွက်ထားသည်။ (၃) အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။