(ခ)-ဖလမ်းမြို့နယ်၊ရိခေါဒါရ်မြို့တွင်မြန်မာ့စီးပွားရေး ဘဏ်ခွဲသို့မဟုတ်ဘဏ်ငွေတိုက်ခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရိခေါဒါရ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၏လစာနှင့် အခြားစရိတ်များ ထုတ်ယူရာတွင်လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ငွေလုံးငွေရင်းခွင့်ပြုငွေများထုတ်ယူရာတွင် လည်းကောင်း၊ တခြားမြို့ဖြစ် သည့် ဖလမ်း၊ ဟားခါး၊ တီးတိန်နှင့် ကလေးမြို့များရှိ ဘဏ်ခွဲများနှင့် ဆက်သွယ် ဆောင်ရွက်ရပါသဖြင့် ကုန်ကျစရိတ်များပြားခြင်း၊ အချိန်ကြန့်ကြာခြင်း၊ လမ်းခရီးတွင် လုံခြုံမှုမရှိခြင်းစသည့် အခက်အခဲများ နှင့် ကြုံတွေ့နေရပါကြောင်း၊ ရိခေါဒါရ်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ သို့မဟုတ် ဘဏ်ငွေတိုက်ခွဲ ဖွင့်လှစ်ပေးပါက ဌာနဆိုင်ရာများ၏ လစာနှင့်စရိတ်များအနက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှ ရရှိလာသောငွေကြေးများအတွက် ပိုမိုလုံခြုံမှုရရှိလာမှာဖြစ်ပါကြောင်း၊ ထို့အပြင် ရိခေါဒါရ်မြို့အနီး ကျေးရွာများရှိ အငြိမ်စားဝန်ထမ်းများအတွက် ပင်စင်လစာနှင့် ဆုငွေများကိုလည်း အချိန်နှင့်ငွေကုန် သက်သာစွာ ထုတ်နိုင်မည်ဖြစ်သည့်အပြင် လူမှုအဖွဲ့အစည်းများ၏ ရန်ပုံငွေများကို လုံခြုံစိတ်ချစွာ စာရင်းဖွင့်အပ်နှံနိုင်ခြင်း၊ ပြည်သူများအနေဖြင့် ငွေစုစာအုပ် ဖွင့်လှစ်စုဆောင်းလာနိုင်ခြင်း စသည့် ကောင်းကျိုးများ ရရှိလာမည်ဖြစ်သည့်အတွက် ချင်းပြည်နယ်၊ ဖလန်းမြို့နယ် ရိခေါဒါရ်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ သို့မဟုတ် ဘဏ်ငွေတိုက်ခွဲဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။