(ဃ)-မန္တလေးမူဆယ်လမ်းကိုနိုင်ငံတကာအဆင့်မီ လမ်းဖြစ်အောင်ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့်စာ ချုပ်သက်တမ်းမည်မျှကျန်ရှိပြီးသက်တမ်းကုန်ဆုံးပါက ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်ကိုသိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မန္တလေး-မူဆယ်လမ်းဟာ မိုင် ၂၈၀ ကျော်ရှိပြီး ရာသီမရွေးသွားလာနိုင်သော ယာဉ်ပေါင်းထောင်ချီ အသုံးပြုနေသည့်အတွက် ဒေသ၏စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အရေးပေါ်ကျန်းမာရေး ကိစ္စရပ်များအတွက် မရှိမဖြစ်လိုအပ်သည့် မဟာဗျူဟာဆက်သွယ်ရေးလမ်းကြောင်း ဖြစ်ခြင်းကြောင့် ပြုပြင်ထားရန် လိုအပ်လျက်ရှိပါကြောင်း၊ စီးပွားရေးအနေဖြင့် ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ၇၅ ရာခိုင်နှုန်းနှင့် စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၂၀ ရာခိုင်နှုန်းရှိသည့်အတွက် နိုင်ငံတော်၏ စီးပွားရေးမှာလည်း အရေးပါသည့် လမ်းကြောင်းဖြစ်ပါကြောင်း၊ ယခင်ကတ္တရာခင်းလမ်းမှ ကျောက်ခင်းလမ်းပြန်ဖြစ်ပြီး မိုးတွင်းကာလဆိုလျှင် ချိုင့်ခွက်များ၊ ဗွက်များကို ရှောင်ကွင်းမောင်းနှင်သွားလာနေရသဖြင့် မိနစ်ပိုင်းအတွင်း ယာဉ်တန်းရှည်ကြီးများ ဖြစ်ပေါ်ပြီး ပိတ်ဆို့မှုများ ဖြစ်ခြင်းကြောင့် ဖြစ်သလိုလမ်းဘေးတွင် အိပ်ကြရပါကြောင်း၊ အဆိုးဆုံးအပိုင်းမှာ နောင်ချိုနှင့် ကျောက်မဲကြားက ဂုတ်တွင်းလမ်းအပိုင်းဖြစ်သည့် ကွတ်ခိုင်-မူဆယ်ကြား ရှုခင်းသာလမ်းပိုင်းတို့ ဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းများသည် နက်ရှိုင်းမတ်စောက်ပြီး အကွေ့အကောက်များခြင်းကြောင့် သမားရိုးကျနည်းပညာဖြင့် မဟုတ်ဘဲ ခေတ်မီနည်းပညာအယူအဆနှင့် ခေတ်မီစက်ယန္တရားများဖြင့် ဖောက်မည်ဆိုပါက ကောင်းမွန်သည့် လမ်းများ ရရှိမည်ဖြစ်ပါကြောင်း၊ ယခုလမ်းတစ်လျှောက်တွေ့ရသည်မှာ ခေတ်မီစက်ယန္တရားနှင့် ခေတ်မီ နည်းပညာအယူဆ အသုံးပြုနိုင်မှုနည်းပါးခြင်း၊ လမ်း၏ရေနုတ်မြောင်းများ သတ်သတ်မှတ်မှတ်မရှိခြင်းနှင့် လမ်း၏ မြေသားများသည်လည်း ဖို့မြေဖြစ်ခြင်းများကြောင့် အချို့ယာဉ်မောင်းများသည် ကျွမ်းကျင်မှုနည်းသည့်အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာကြခြင်းကြောင့် မကြာခဏယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်စေသည့်အတွက် မန္တလေး-မူဆယ်လမ်း ယာဉ်ကြောပိတ်ဆို့မှုမရှိအောင် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသနည်း၊ မန္တလေး-မူဆယ်လမ်းကို နိုင်ငံတကာအဆင့်မီ လမ်းဖြစ်အောင် ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိ၊ ရှိမည်ဆိုပါကလည်း မည်သည့်အချိန်တွင် ရာနှုန်းပြည့်ပြီးစီးပါမည်နှင့် (၃) B.O.T စာချုပ်သက်တမ်း မည်မျှကျန်ရှိသည်၊ သတ်တမ်းကုန်ဆုံးပါကလည်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ သိရှိလိုပါကြောင်း မေးမြန်းပါသည်။