(ဂ)-အင်းတော်မြို့နယ်အတွင်းမူးယစ်ဆေးဝါးရောင်း ဝယ်သုံးစွဲနေခြင်းကိုလျှော့ချရန်နှင့်ယခုထက်ပိုမိုသော အစီအမံများချမှတ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မ ရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ပြည်သူသို့ကျေးဇူးတင်လွှာထဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရေးသားထောက်ပြခဲ့သော လမ်းညွှန်ချက်ကို ပထမတင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံ၏အနာဂတ်ကိုပိုင်စိုးသော မျိုးဆက်သစ်လူငယ်များ ကျန်းမာဘေးကင်းလုံခြုံစွာ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ကြီးပြင်းလာရေး၊ နိုင်ငံ့တာဝန်များကို အသင့်လွှဲပြောင်းထမ်းဆောင်နိုင်ရေးအတွက် မူးယစ်ဆေးဝါးအမှောင်ထုကြီးကို ရှင်းလင်းဖယ်ရှားရန် အရေးကြီးလှ ပါသည်ဟု ရေးသားလမ်းညွှန်ခဲ့ပါကြောင်း၊ အခြားသောမြို့နယ်များကဲ့သို့ မိမိ၏မဲဆန္ဒနယ်ကလည်း မူးယစ်ဆေးဝါး အမှောင်ထုကြီးဖုံးလွှမ်းမှုကိုခံနေရပြီး မိမိတို့ကွင်းဆင်းသည့်အခါ ကျေးရွာများတွင် မူးယစ်ဆေးဝါးပြဿနာများ အများဆုံးတင်ပြကြပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်တွင် မြို့ပေါ် လေးရပ်ကွက်နှင့်ကျေးရွာပေါင်း ၁၅၃ ရွာ၊ လူဦးရေ ၁၃၀၀၀၀ ကျော်နေထိုင်ပါကြောင်း၊ အများစုက လယ်သမားများဖြစ်ကြပြီး၊ မူးယစ်ဆေးဝါးကင်းစင်သည့် ရွာမရှိပါကြောင်း၊ အဓိက တင်ပြလိုသည်မှာ ကျေးရွာလူထုလူငယ်များ၏ ၆၀ သို့မဟုတ် ၇၀ ရာခိုင်နှုန်းခန့် မူးယစ် ဆေးဝါးစွဲသည့်အဆင့်မှာ ရှိနေပြီဖြစ်ပါကြောင်း၊ ယခုအခါ ရွာထိပ်များ၊ ရွာလယ်များ၊ ဝါးရုံပင်များအောက်တွင်၊ လယ်ထဲတွင်၊ ရွာတစ်ရွာနှင့် တစ်ရွာဆက်သွယ်သည့်လမ်းများတွင် မူးယစ်ဆေးဝါးဈေးတန်းများ စည်ကား နေပါကြောင်း၊
မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုလျှော့ချရာတွင် အဓိကကျသော ဝန်ကြီးဌာနများနှင့်ပတ်သက်ပြီး အနည်းငယ် တင်ပြလိုပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အဆင့်တွင် မူးယစ်ဆေးဝါးကင်းရှင်းသော်လည်း ရပ်ကွက်နှင့်ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများသည် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၏ ခြိမ်းခြောက်ခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းများဖြင့် လုံးထွေးနေသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး စံချိန်တင်ပမာဏ များကိုလည်း ဖမ်းဆီးပေးနိုင်ခဲ့ပါကြောင်း၊ ပြည်သူလူထုနှင့်လည်း ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်လာပါကြောင်း၊ သို့သော်လည်း အခြားသောမြို့နယ်များကဲ့သို့ ရဲတပ်ဖွဲ့အင်အား နည်းပါးနေပါကြောင်း၊ ရဲနှင့်ပြည်သူအချိုးသည် ၁ း ၁၄၀၀ ခန့်ဖြစ်နေပြီး အခြားသော ရဲလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရသည့်အတွက် မူးယစ်ဆေးဝါး ရှာဖွေ တားဆီးရာတွင် အခက်အခဲဖြစ်နေပါကြောင်း၊ ထို့အပြင် အချို့ဝန်ထမ်းများ၏အဂတိလိုက်စားမှုလည်း ရှိနေပါ ကြောင်း၊ ရဲတပ်ဖွဲ့အပေါ် ပြည်သူလူထု၏ယုံကြည်မှုကလည်း နည်းနေသေးသည့်အတွက် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ထင်သလောက်ခရီးမပေါက်ဖြစ်နေပါကြောင်း၊
မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲရေးကိုလျှော့ချရန် အဓိကကျသောဝန်ကြီးဌာန တစ်ခုဖြစ်သော ကျန်းမာရေး ဝန်ကြီးဌာနနှင့် INGO တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအစားထိုး မက်သဒုံးဆေးဝါးသောက်သုံးသော Center များကို အင်းတော်တွင် တစ်ခု၊ မော်လူးဆေးရုံတွင် တစ်ခုပေးထားပါကြောင်း၊ အင်းတော်တွင် နေ့စဉ် ၄၀၀ ကျော် လာရောက်သောက်သုံးပါကြောင်း၊ မော်လူးတွင် ၁၀၀ ခန့် သောက်သုံးပါကြောင်း၊ အကျိုးရှိသော်လည်း လုံလောက်မှုမရှိပါကြောင်း၊ နေ့စဉ်၊နှစ်ရှည်သောက်ရခြင်း၊ ခရီးစရိတ်ကုန်ခြင်း၊ အလုပ်ပျက်ခြင်း စသည်တို့ကြောင့် မထိရောက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးစွဲလူငယ်များအတွက် ကျေးရွာအရောက် Center များကို ဖွင့်ပေးထားမည်ဆိုပါက အလွန်ပင်ကောင်းသည်ကို အကြံပြုလိုပါကြောင်း၊
အင်းတော်မြို့နယ်သည် တားဆီးသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းလည်းမရှိသကဲ့သို့ တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်သော စက်ရုံလည်းမရှိသော်လည်း မိုင်ရှည်ထောင်ချီခရီးဆန့်လာသော မကောင်းဆိုးဝါးအန္တရာယ်ကြီးကို ကာကွယ်ရန် အလွန်လိုအပ်လျက်ရှိပါကြောင်း၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်စည်းရိုးကိုလုံခြုံစေရန် ကာကွယ်လိုသည့် ဆန္ဒများ၊ သားကောင်ဖြစ်သွားသော လူငယ်များကို ကယ်တင်လိုသည့်ဆန္ဒများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် သာယာသော ပတ်ဝန်းကျင်ဖန်တီးလိုသည့်အတွက် အင်းတော်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေခြင်းကို လျှော့ချရန်နှင့် ယခုထက်ပိုမိုသော အစီအမံများချမှတ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။