(စ)-(ငြိမ်း/စု/စီ)ဥပဒေပြဋ္ဌာန်းပြီးနောက်ယခုအချိန် ထိတစ်နိုင်ငံလုံးတရားဝင်ဆန္ဒထုတ်ဖော်မှုပေါင်းမည် မျှရှိပါသနည်း၊ ဆန္ဒထုတ်ဖော်မှု တစ်ခုဖြစ်ပေါ်လာ ပြီးနောက် မည်ကဲ့သို့ အရေးယူဆောင်ရွက်လျက် ရှိသည်ကိုသိရှိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၄ ပုဒ်မခွဲ(ခ) တွင် နိုင်ငံသားများကို လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုထားသည့် အခွင့်အရေးကို အခြေခံပြီး ပြည်ထောင်စု လွှတ်တော်က ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ဥပဒေအမှတ် (၁၅/၂၀၁၁)ဖြင့် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါဥပဒေ၏ရည်ရွယ်ချက်က မိမိတို့၏ဆန္ဒ၊ လိုလားချက်များကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့် ရှိရန်နှင့် ၎င်းအခွင့်အရေးကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် တာဝန်ရှိအစိုးရအပေါ် အရေးယူဖြေရှင်းပေးနိုင်ရန် ဥပဒေနှင့်အညီ တင်ပြတောင်းဆိုခြင်းလည်း ဖြစ်ပါကြောင်း၊ ငြိမ်း/စု/စီ ဥပဒေကို ပြဋ္ဌာန်းပြီးနောက် ပြည်သူများအနေဖြင့် နိုင်ငံနှင့်အဝန်း နေ့စဉ်နှင့်အမျှ ဆန္ဒဖော်ထုတ် မှုများကို ဥပဒေနှင့်အညီ ပြုလုပ်လာလျက်ရှိကြသော်လည်း ဆန္ဒဖော်ထုတ်မှုတချို့ကိုသာ သက်ဆိုင်ရာက အရေးယူကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီး များစွာသောဆန္ဒဖော်ထုတ်မှုများအပေါ် မသိကျိုးကျွံနှင့် ဥပက္ခာပြုထား ပါကြောင်း၊
ယခုကဲ့သို့သော ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ မဖြေရှင်းနိုင်သည့်အတွက် အကြိမ်ကြိမ်ဆန္ဒဖော်ထုတ်မှု များ ဖြစ်လာကြရာက အကြမ်းဖက်မှုများဆီသို့ ဦးတည်သွားတတ်ပြီး ထိခိုက်ပျက်စီးနစ်နာကြရပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း တရားဥပဒေနှင့်အစိုးရအပေါ် ယုံကြည်မှုအားနည်းလာကြပါကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် ထိရောက်သောဖြေရှင်းမှုကို လုပ်ဆောင်ရန် ပျက်ကွက်ပြီး ပြည်သူ့ဆန္ဒကို မထီမဲ့မြင် ပြုလုပ်နေမည်ဆိုပါက ငြိမ်း/စု/စီဥပဒေသည် အကျိုးသက်ရောက်မှုမရှိနိုင်ရုံသာမက ပြဿနာများကို ပိုမိုကြီးထွားလာရန် လှုံ့ဆော်ပေးသောဥပဒေမျိုးသာ ဖြစ်လာလိမ့်မည်ဟု ယူဆပါကြောင်း၊ လက်ပံတောင်း တောင်ပြဿနာနှင့် လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်များတွင် နမူနာအားဖြင့် တွေ့မြင်နိုင်ပါကြောင်း၊ နောင်တွင်လည်း တာဝန်ရှိသူများအနေဖြင့် ပြဿနာများအပေါ် စိစစ်ဖြေရှင်းမှုများ မလုပ်ဘဲ ခေါင်းရှောင်နေပါက မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများကဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ပြီး တင်ပြသည့်အပေါ် တာဝန်ရှိသူ နိုင်ငံတော် အစိုးရအနေဖြင့် အဖွဲ့ဖွဲ့ပြီး စုံစမ်းမှုများ၊ အရေးယူဖြေရှင်းမှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာပုဂ္ဂိုလ်၊အဖွဲ့အစည်းများကို ဆန္ဒဖော်ထုတ်ခြင်းအား PEDE စုံစမ်းစစ်ဆေးမှုများဖြင့် အရေးယူ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆန္ဒဖော်ထုတ်မှုတိုင်းကို အဖြေမှန်ပေါ်ပေါက်လာရန် ရှာဖွေဖော်ထုတ်ပြီး ပြဿနာပြေငြိမ်းသွားသည်အထိ ပြန်လည်တုန့်ပြန်ဖြေရှင်းမှု(Reaction) လုပ်ပေးနိုင်ပါမှ ၎င်းဥပဒေ၏ အကျိုးသက်ရောက်မှုကို ပြည်သူများ ပီပီပြင်ပြင်ခံစားလာရမည် ဖြစ်ပါကြောင်း၊ သို့မဟုတ်ပါက ၎င်းဥပဒေသည် အမြင်ကောင်းရုံ သက်သက်ပြဋ္ဌာန်းထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ငြိမ်း/စု/စီ ဥပဒေ၏အနှစ်သာရ ပီပြင်စွာအကောင်အထည်ဖော်လာနိုင်ရန်အတွက် (၁) ငြိမ်း/စု/စီ ဥပဒေပြဋ္ဌာန်းပြီးနောက် ယခုအချိန်အထိ တစ်နိုင်ငံလုံးတွင် တရားဝင်ဆန္ဒဖော်ထုတ်မှုပေါင်း အရေအတွက် မည်မျှရှိသည်နှင့် (၂) ဆန္ဒဖော် ထုတ်မှုဖြစ်လာပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူအဖွဲ့အစည်းများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် မည်သို့အရေးယူကိုင်တွယ်ဖြေရှင်းခဲ့ကြသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။