(က)-စဉ့်ကိုင်မြို့နယ်၊ ရွှေလှံဗိုလ် (ကန်အောက်) ကျေးရွာတွင် တိုက်နယ်ဆေးရုံအသစ် ဖွင့်လှစ်ပေး ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
စဉ့်ကိုင်မြို့နယ်သည် စတုရန်းမိုင် ၁၇၃.၁၈ ကျယ်ဝန်းပြီး လူဦးရေ ၁၅၀၀၀၀ ခန့်နေထိုင်ပါကြောင်း၊ မြို့ပေါ် ငါးရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၆၃ ရွာဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အာဆီယံဟိုင်းဝေး လမ်းဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းဟောင်းသည် တောင်နှင့်မြောက် ဖြတ်သန်း သွားသည့်အတွက် မြို့နယ်ကို အရှေ့ခြမ်းနှင့်အနောက်ခြမ်း ပိုင်းခြားထားသလို ဖြစ်နေပါကြောင်း၊ အနောက်ဘက် ခြမ်းသည် လူနေထူထပ်ပြီး မြို့ပေါ်ရပ်ကွက်များရှိပြီး ကျေးရွာများနှင့်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါကြောင်း၊ မြို့နယ်အရှေ့ဘက်ခြမ်းတွင် တောင်တန်းများ၊ အင်းအိုင်များပေါများပြီး ကျေးရွာများတွင် လေးကိုင်းသဏ္ဍန်ပြန့်ကျဲနေပြီး သွားလာရခက်ခဲပါကြောင်း၊ စဉ့်ကိုင်တစ်မြို့နယ်လုံးတွင် စဉ့်ကိုင်မြို့နယ်ဆေးရုံတစ်ခုနှင့် ပလိပ်တိုက်နယ်ဆေးရုံတစ်ခုသာ ပါရှိပါကြောင်း၊ ၎င်းဆေးရုံနှစ်ခုလုံးသည် မြို့နယ်၏အနောက်ဘက်ခြမ်းတွင်ရှိပါကြောင်း၊ထို့ကြောင့် မြို့နယ်အရှေ့ဘက်ခြမ်းရှိကျေးရွာများမှ ပြည်သူများသည် ဆေးရုံတက်ရောက်ကုသရန်အတွက် ခရိုင် ပတ်လမ်းမှတစ်ဆင့် ၁၆ မိုင်ကျော်ဝေးသည့်စဉ့်ကိုင်ဆေးရုံသို့လည်းကောင်း၊ ၃၅ မိုင်ကျော်ဝေးသည့် ကျောက်ဆည်ဆေးရုံသို့လည်းကောင်း ဝေးလံခက်ခဲစွာသွားရောက်ကြရပါကြောင်း၊ ကျေးရွာချင်းဆက် လမ်းများသည် မြေလမ်း၊ ဂျင်းလမ်းများဖြစ်သည့်အတွက် ဆေးရုံကုသမှုကိုလိုအပ်သည့်မွေးလူနာ၊ မြွေကိုက် လူနာနှင့် တခြားအရေးပေါ်လူနာများကို အချိန်မီဆေးရုံမပို့နိုင်သည့်အတွက် မသေသင့်ဘဲ အသက်ဆုံးရှုံး ရခြင်းများ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊
ရွှေလှံဗိုလ်(ကန်အောက်ကျေးရွာမှာ တောင်သူဦးရင်သွေးမိသားစုမှ တိုက်နယ်ဆေးရုံ တည်ဆောက် နိုင်ရန် အတွက် ကန်အောက်ကျေးရွာအနီး ခရိုင်ပတ်လမ်းဘေးတွင် မြေဧရိယာ ၄.၀၂ ဧကကို လှူဒါန်းထားပြီးဖြစ်ပါကြောင်း၊ ရွှေလှံဗိုလ်(ကန်အောက်)ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု ဖွင့်လှစ်ပေးနိုင် မည်ဆိုပါက စဉ့်ကိုင်မြို့နယ်ရှိ ရွာပေါင်း ၄၀ ကျော်ခန့်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့်အပြင် ပုသိမ်ကြီးမြို့နယ်၊ ရွှေဆာရံဘုရား ပတ်ဝန်းကျင်ကျေးရွာများသည် ဒုတ္ထဝတီတံတားအသစ်ကြီးကို ဖြတ်ပြီး အလွယ်တကူ လာရောက်ကုသမှုခံယူနိုင်မှာဖြစ်ပါကြောင်း၊ ယခင် မိုင် ၄၀ ကျော်ဝေးတဲ့ကျောက်ဆည်ဆေးရုံထိ သွားရောက်ကုသနေရတဲ့ ကျောက်ဆည်မြို့နယ် ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှဝန်ထမ်းများ၊ မိသားစုများ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ အတွက်လည်း လွန်စွာအဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ဒုတ္ထဝတီတံတားကနေပြီးတော့ ပုသိမ်ကြီး မြို့နယ်ထဲက ကျောက်မီးသွေးဆေးရုံကို ၁၂ မိုင်ခန့်ဝေးပါတယ်။ စဉ့်ကိုင်မြို့နယ်ကျေးရွာမှ ပြည်သူ များသည် ဒုတ္ထဝတီတံတားကို ရောက်ရန်အတွက် အနည်းဆုံးလေးမိုင်ကနေ ၁၀ မိုင်ထိ မြေလမ်း မှလာရသည့်အတွက် ရွှေလှံဗိုလ်တိုက်နယ်ဆေးရုံကို ဖွင့်လှစ်မပေးနိုင်ဘူးဆိုရင် ကျောက်မီးဆေးရုံ အထိ မိုင် ၂၀ လောက် ခက်ခဲစွာသွားရောက်ကုသနေရ မည်ဖြစ်ပါကြောင်း၊ထို့ကြောင့်စဉ့်ကိုင်မြို့နယ်၊ ရွှေလှံဗိုလ်(ကန်အောက်)ကျေးရွာတွင် တိုက်နယ်ဆေးရုံအသစ်ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။