(ဂ)-ပြည်ထောင်စုဘတ်ဂျက်မှ ချထားပေးခဲ့သော နိုင်ငံတော်စီမံကိန်း လုပ်ငန်းများတွင် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများမှ စာချုပ်ပါအာမခံချက်များ၊ စည်းကမ်း၊ စည်းမျဉ်း၊စံသတ်မှတ်ချက်မလိုက်နာမှုအပေါ် မည် သို့ အရေးယူ မည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၃ ပုဒ်မခွဲ(က)အရ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြစေပြီး ပုဒ်မခွဲ(ဃ)အရ ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းသော ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါအတိုင်း ပြည်ထောင်စုအစိုးရအဖ့ွဲက လိုအပ်သလို ဆောင်ရွက် ရသည်ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ ပြည်ထောင်စုဘတ်ဂျက်ပါ ငွေလုံးငွေရင်းပါဝင်သော စီမံကိန်းလုပ်ငန်းများ ဖြစ်သော အဓိကကျောင်း၊ လမ်း၊ တံတား၊ ဆေးရုံနှင့် အခြားမီးလင်းရေးအဖွဲ့အပါအဝင်လုပ်ငန်းများကို ပွင့်လင်း မြင်သာစွာ တင်ဒါခေါ်ယူပြီး Contract စာချုပ်ချုပ်ဆိုပြီး စာချုပ်ပါစည်းကမ်း၊ စည်းမျဉ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ လုပ်ကိုင်စေရပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်အမှတ် (၁/၂၀၁၃) ၂၀၁၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ကြေညာထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် လိုက်နာရမည့် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တိတိကျကျ လိုက်နာရမည်ဟု ညွှန်ကြားထားပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာရှိ တိုက်နယ်ဆေးရုံအဟောင်းတစ်လုံး ရှိပါကြောင်း၊ သို့သော် တိုက်နယ်ဆေးရုံအသစ်က ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုခဲ့ပြီး ၃၀-၄-၂၀၁၃ တွင် ကုမ္ပဏီတစ်ခုက စတင်ဆောက်လုပ်ခဲ့သည်မှာ ယခုထိပြီးပြတ်နိုင်ခြင်းမရှိသေးပါကြောင်း၊ ဌာနက ဖြည့်စွက်ပြင်ဆင်ပြီး အသုံးပြု နေရဆဲ ဖြစ်ပါကြောင်း၊ ရွာသစ်ကျေးရွာသည် အိမ်မဲ၊ မြောင်းမြ-ရန်ကုန်ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး လူဦးရေအလွန် ထူထပ်ပါကြောင်း၊ ကျေးရွာရှိ ပြည်သူလူထုများအနေဖြင့် ၎င်းဆေးရုံကြီးပြီးပြတ်မှုမရှိသေးသည့် အပေါ် စိုးရိမ်စိတ်ဖြင့် မိမိတို့ကို တင်ပြတောင်းဆိုခဲ့ကြပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ် တာဝန်စတင် ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အဆိုပါဆေးရုံကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ်အစည်းအဝေးများပြုလုပ်ပြီး အကြိမ်ကြိမ်အကြောင်းကြားစာများ ပေးပို့ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပါကြောင်း၊
ဆေးရုံ၏လမ်းများနှင့် တံခါးမကြီးများလည်း မပြီးစီးသေးပါကြောင်း၊ ဆေးရုံတစ်ရုံတွင် ရှိရမည့် ကွန်ကရစ်အုတ်နံရံအစား ဘုတ်ပြားကိုအစားထိုးပြီး ဆေးကိုညီအောင်သုတ်ခဲ့ပါကြောင်း၊ ဆေးရုံပတ်လည်တွင် ရေစီးရန်ရေမြောင်း အကုန်မရှိဘဲ ဆေးရုံ၏ဘေးကိုသာ ရေမြောင်းလေးပြုလုပ်ပေးထားပါကြောင်း၊ ဆေးရုံမှ ရင်ခွဲရုံကိုသွားသော လမ်းကိုလည်း အုတ်နီခဲသာ ခင်းထားပါကြောင်း၊ ဆေးရုံအနောက်ဘက်ဝင်ပေါက်တွင်လည်း တံခါးများတပ်ဆင် ထားခြင်း မရှိပါကြောင်း၊ ဝန်ထမ်းအိမ်ရာရေမြောင်းများကိုလည်း မပြုလုပ်ထားပါကြောင်း၊
ယခုကဲ့သို့ဖြစ်နေသောကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို စာပေးပို့ထားသော်လည်း လုံးဝပြန်ကြားစာမလာခဲ့ပါကြောင်း၊ ကုမ္ပဏီ၏မှတ်ပုံတင် စာချုပ်အရ သက်တမ်းကုန်ဆုံးနေပြီ ဖြစ်ပါကြောင်း၊ ကုမ္ပဏီဒါရိုက်တာ လက်မှတ်နှင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် မြို့နယ်ကုသရေးဦးစီးမှူးထံ ၁၅-၁-၂၀၁၆ တွင် လာရောက်အပ်နှံမည်ဟု အကြောင်းကြားစာပေးပို့ သော်လည်း ပြန်လည်အကြောင်းကြားခြင်းလည်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်စီမံကိန်းလုပ်ငန်းများဖြစ်သည့် ပြည်ထောင်စုဘတ်ဂျက်မှ ချထားပေးသော လုပ်ငန်းများတွင် လုပ်ပိုင်ခွင့်ရကုမ္ပဏီများမှ စာချုပ်ပါအာမခံချက်များ၊ စည်းကမ်း၊ စည်းမျဉ်း၊ စံသတ်မှတ်ချက်မလိုက်နာမှုအပေါ် မည်ကဲ့သို့အရေးယူမည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။