(ဃ)-တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ် ခွင့်လိုင်စင်များ လျှောက်ထားမှုကို ဖြေလျှော့ရန် နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၃/၂၀၁၇) အမိန့်ညွှန်ကြားချက်နှင့် ဆက်စပ်စည်းကမ်းချက် များကို ရုပ်သိမ်း ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

2017-08-07

မေးခွန်း အကြောင်းအရာ 

u myint oo၂၁-၁၂-၂၀၁၆ ရက်နေ့ ရက်စွဲနှင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် ထုတ်လုပ်ခြင်းလိုင်စင်များကို မလိုလားအပ်သည့် အဆင့်များ ဖြေလျှော့ပေးရန် တင်ပြလိုပါကြောင်း၊ မိမိတို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်များကို လျှောက်သည့်အခါ ကျေးရွာ/ရပ်ကွက်က ခရိုင်/မြို့နယ်၊ တိုင်းဒေသကြီးအထိ အဆင့်ဆင့်ထောက်ခံ ချက်များကိုရယူပြီး နေပြည်တော်ကို တင်သည့်အခါ အစကနေပြန်စစ်ပြီး‌ မိမိတို့ကိုပြန်ပြင်ခိုင်းပါကြောင်း၊ စည်းမျဉ်း/စည်းကမ်းများကို ခဏခဏပြင်သည့်အတွက် လူပျိုဘဝကလောက်က လျှောက်လာခဲ့သည်မှာ ဆံပင်ဖြူသွားကျိုးသည့်အခါမှ ၎င်းလိုင်စင်များ၊ မှတ်ပုံတင်ရသည့် အဖြစ်ရှိပါကြောင်း၊ သက်တမ်းတိုး လျှောက်သည့်အခါတွင်လည်း ၎င်းအတိုင်းကြာမြင့်ပါကြောင်း၊ မိမိတို့က အသေးစားစက်မှုလက်မှု လုပ်ငန်းအဖြစ်လည်း လိုင်စင်များလျှောက်ရသည့်အခါ သက်တမ်းမရှိ၊ မှတ်ပုံတင်မရှိ၊ လိုင်စင်မရှိ သွားလျှောက်မည်ဆိုပါက လက်မခံပါကြောင်း၊ အသေးစား အလတ်စားတွေကို အစိုးရက ပံ့ပိုးကူညီပေးနေသည့် အချိန်အခါတွင် ဘဏ်ချေးငွေကိုသွားလျှောက်၊ သွားတင်သည့်အခါ ကျွန်တော်တို့က သက်တမ်းမရှိသည့် လိုင်စင်ကိုကိုင်ထားခြင်း ဖြစ်သည့်အတွက် ထုတ်မပေးပါကြောင်း၊ နောက်တစ်ခါ မိမိတို့နိုင်ငံမှ ပညာတော်သင်စေလွှတ်သည့်အခါတွင် မိဘများ၏ အလုပ်အကိုင်ကို ဖော်ပြရကြောင်း၊ ဖော်ပြရသည့်အခါ လျှောက်ထားဆဲ၊ သက်တမ်းတိုးဆဲများကြောင့် အပယ်ခံရပါကြောင်း၊ တိုင်းရင်းဆေး လောကကြီး တစ်ခုလုံးက မှတ်ပုံတင်ကျပြီးသား၊ လိုင်စင်ကျပြီးသား၊ သက်တမ်းတိုးခြင်းကိုလည်း အခက်အခဲပေါင်းများစွာဖြင့် အမျိုးမျိုးဖိနှိပ်ခံနေရသည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးကို လေးစားစွာဖြင့် မိမိတို့ တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၃/၂၀၁၇) အမိန့်ညွှန်ကြားချက်နှင့် ဆက်စပ်ပတ်သက်သော အမိန့်ညွှန်ကြားချက်၊ စည်းကမ်းချက်များကို ပြန်လည်ရုပ်သိမ်း၍ ညှိနှိုင်းဆောင်ရွက်ပေးရန်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းအပ်ပါသည်။