(ဂ)-နိုင်ငံတော် စီမံကိန်းများ ရေးဆွဲခြင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်မှု၊မြေယာစီမံခန့်ခွဲ အုပ်ချုပ်မှု များ ဆောင်ရွက်ရာတွင် မြေယာမှတ်ပုံတင်ခြင်းနှင့် မြေပုံစနစ်ကိုမည်ကဲ့သို့စီစဉ်ဆောင်ရွက်နေကြာင်း သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြေသယံဇာတကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်မှုသည် နိုင်ငံတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံသားများ၏ လူနေမှုဘဝ အဆင့်အတန်းစသည့်အချက်များကို ဆက်စပ် သက်ရောက်မှု ကြီးကြီး မားမား ရှိနေပါကြောင်း၊ မိမိတို့နိုင်ငံကို ကဏ္ဍပေါင်းစုံက ဝင်ရောက်လာနိုင်သည့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည် မြေယာစီမံခန့်ခွဲမှုနှင့် များစွာဆက်စပ်လျက်ရှိနေပါကြောင်း၊ ကန်ထရိုက်စနစ် စိုက်ပျိုးရေးကစတင်ကာ စက်မှုဇုန်များ၊ မြို့ပြလူနေအိမ်ရာစီမံကိန်းများ၊ အထူး စီးပွားရေးဇုန်များ စသည့်စီမံကိန်းများသည် မြေနေရာကိုအခြေခံ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယခင်ကာလများတွင် အထိန်းအကွပ်မဲ့ စီမံခန့်ခွဲမှုကြောင့် ကျူးကျော်ပြဿနာများ၊ လယ်ယာမြေသိမ်းဆည်းမှု ပြဿနာများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊
လယ်ယာမြေအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး ဗြိတိသျှခေတ်ကစတင်ကာ မြေခွန်ကိုစနစ်တကျ ကောက်ခံခဲ့ပြီး မြို့နှင့်ကျေးရွာများကို စနစ်တကျဖြစ်ရန် ရည်ရွယ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် မြေယာစီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြခံဥပဒေ၊ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေများတွင် လည်း မြေယာစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ထိုက်သင့်သကဲ့သို့ ပါဝင်နေပါကြောင်း၊
မြေယာစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနပေါင်းစုံက အကွဲကွဲအပြားပြား စီမံခန့်ခွဲနေသည်ကို တွေ့မြင်ရပါကြောင်း၊ ပြည်ထောင်စုအစိုးဖြစ်စေ၊ တိုင်းဒေသကြီးအစိုးဖြစ်စေ အစိုးရတစ်ရပ်သည် စီမံကိန်းတစ်ခုကိုစတင် စဉ်းစားလိုက်သည်နှင့် စီမံကိန်းဆောင်ရွက်လိုသည့်နေရာ၏ မြေပြင်ပထဝီ အနေအထား၊ မြေအမျိုးအစားနှင့် မြေယာပိုင်ဆိုင်မှုအခြေအနေ၊ သတင်းအချက်အလက်များကို အလွယ်တကူ သိရှိနိုင်ရန်လိုအပ်သလို ရင်းနှီးမြှုပ်နှံသူများကိုလည်း အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရန်လိုအပ်ပါကြောင်း၊ မြို့ပြအိမ်ရာစီမံကိန်းများအပါအဝင် ဥပဒေနှင့်အညီ စံချိန်စံညွှန်း ကိုက်ညီပြည့်မီသော မြို့ပြဖွံ့ဖြိုးရေးတွင်လည်း အဆောက်အဦနှင့် မြေယာမှတ်ပုံတင်ခြင်းသည် မြို့ရွာများစီမံခန့်ခွဲအုပ်ချုပ်ရေး အတွက် အခြေခံကျသည့် လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊
နောက်ထပ်အရေးကြီးသည့် အချက်သည် ခေတ်မီစံကိုက်မြေပုံစနစ် ထားရှိနိုင်ရေးဖြစ်သည့်အတွက် Digital Based ကိုပြောင်းလဲရန် လိုအပ်ပါကြောင်း၊ မြေသယံဇာတနှင့် ပတ်သက်ပြီး တိကျကောင်းမွန်သည့် အခြေခံအချက်အလက်များမရှိဘဲ စီမံခန့်ခွဲမှု ကောင်းမွန်မည့်မဟုတ်သည့် အပြင် နိုင်ငံတော်အနေနှင့် မြေသယံဇာတ၊ မြေယာအုပ်ချုပ်မှုတွင် အချုပ်အခြာအာဏာကို ကျင့်သုံးရန်ခက်ခဲမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားမြေအသုံးချမှုမူဝါဒ၊ အခန်း(၃)တွင် မြေသက်ဆိုင်သည့် သတင်းအချက်အလက်များ စီမံခန့်ခွဲခြင်း၊ အခန်း(၁၅)တွင် မှန်ကန်တိကျသည့် မြေကြီး၊ မြေပုံ၊ မြေနှင့်သက်ဆိုင်သည့် မှတ်တမ်းနှင့်သတင်း အချက်အလက်တို့ကို စနစ်တကျ စီမံထားရှိခြင်းသည် မြေအသုံးချမှုကို စနစ်တကျစီမံခန့်ခွဲခြင်း၊ မြေလုပ်ပိုင်ခွင့် ခိုင်မာမှုနှင့် မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု ဆိုထားပါကြောင်း၊
အပိုဒ် ၁၇ အပိုဒ်ခွဲ (ဃ) တွင် မြေပြင်အမှန်အသုံးချမှုနှင့် လက်ရှိမြေအသုံးချမှု မြေပုံအပါအဝင် မြေနှင့် သက်ဆိုင်သည့် မှတ်တမ်းများကို နှိုင်းယှဉ်ရာတွင် အရည်အသွေးမြင့် ဂြိုလ်တုပုံရိပ်နှင့် ပထဝီဆိုင်ရာ သတင်းအချက်အလက်၊ နည်းပညာအပါအဝင် သင့်လျော်သည့် နည်းပညာများကိုရယူ အသုံးပြုခြင်း ဆိုပြီး အမျိုးသားမြေအသုံးချမှုမူဝါဒတွင် ဖော်ပြထားတာရှိပါကြောင်း၊
ထို့ကြောင့် မည်သည့်မြေပုံစနစ်မျိုးကို အသုံးပြုသည်နှင့် ခေတ်မီနည်းစနစ်ကို ပြောင်းလဲသုံးစွဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။