(င)-ရေစကြိုမြို့နယ်၊တမာတန်း၊ဇီးကျွန်းကျေးရွာတို့ မှမြို့သို့ဆက်သွယ်ထားသောဆည်ပေါင်လမ်းအား ခိုင်ခံ့ကောင်းမွန်အောင် မည်သည့် ဘဏ္ဍာနှစ်တွင် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရေစကြိုမြို့သည် မြောက်ဘက်နှင့်အရှေ့ဘက်က ချင်းတွင်းမြစ်ကြီးကွေ့ဝိုက်စီးဆင်းနေပြီး တောင်ဘက်နှင့် အနောက်ဘက်တွင် ကျေးရွာများ ဝန်းရံနေသောမြို့ဖြစ်ပါကြောင်း၊ ချင်းတွင်းမြစ်ရေကြီးချိန်တွင် မြို့၏အရပ်လေး မျက်နှာမှ ရေများဝင်ရောက်လေ့ရှိပါကြောင်း၊ နှစ်စဉ်ရေများဝင်ရောက်ခြင်းကြောင့် မြို့နယ်အတွင်း ကျေးရွာများနှင့် မြို့သို့ဆက်သွယ်ထားသော ကုန်ထုတ်ဆက်သွယ်ရေးလမ်းများ အလွန်ညံ့ဖျင်းနေသောကြောင့် မြောက်ဘက်ရှိ ရွာများက မန္တလေး၊ အရှေ့ဘက်ရှိရွာများက မြင်းခြံ၊ အနောက်ဘက်နှင့်တောင်ဘက်ရှိရွာများက ပခုက္ကူ၊ မုံရွာမြို့ များသို့ ဆက်သွယ်ရောင်းဝယ်မှုများ များပြားနေသည့်အတွက် မြို့၏ကုန်စည်ဈေးကွက်သည် တစ်နေ့တခြား လျော့ပါးပြီး ဖွံ့ဖြိုးတိုးတက်မှုများ သိသာစွာကျဆင်းနေပါကြောင်း၊ ယခင်အင်္ဂလိပ်လက်ထက်က တည်ဆောက် ပေးခဲ့သော တမာတန်းနှင့်ရေစကြိုလမ်းမကြီးသည် ချင်းတွင်းမြစ်ရေတိုက်စားသည့်အတွက် ပျက်စီးခဲ့ပြီးနောက် တမာတန်းမှ တောင်ဘက်သို့ကွေ့ပတ်လျက် မြို့၏အနောက်တောင်ဘက်ကို ဆက်သွယ်ထားသော တစ်ခုတည်း သော လမ်းကိုသာ အသုံးပြုနေကြရသောကြောင့် မြို့အင်္ဂါရပ်နှင့်မညီညွတ်ဟု ပညာရှင်များသုံးသပ်ထားပါကြောင်း၊ ၂၀၀၉ ခုနှစ်က မြို့ဝင်/မြို့ထွက်လမ်းတစ်ခုအဖြစ် အသုံးပြုရန်လည်းကောင်း၊ ချင်းတွင်းမြစ်ရေ၏အန္တရာယ်ကာကွယ် တားဆီးရန်အတွက်လည်းကောင်း၊ တမာတန်းမှအရှေ့တည့်တည့် ရေစကြိုအနောက်ဖျား အမှတ်(၆)ရပ်ကွက်သို့ ဆက်သွယ်သောလမ်းအဖြစ် မြေသားလမ်းကို ဆည်မြောင်းဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ ထိုဆည်ပေါင်လမ်းသည် အရှေ့ဘက်မှချင်းတွင်းမြစ်၏တိုက်စားမှု၊ မိုးအခါ မိုးစီးချောင်းများ၏ တိုက်စားမှုတို့ကြောင့် ကျဉ်းမြောင်း ပျက်စီးမှုများရှိပါကြောင်း၊ လှည်းနှစ်စီးပင် ကောင်းစွာမရှောင်နိုင်သော လမ်းဖြစ်ပါကြောင်း၊
အကယ်၍ ထိုဆည်ပေါင်လမ်းကို အချိန်မီပြုပြင်ထိန်းသိမ်းခြင်း မလုပ်နိုင်ပါက မြစ်ရေလျှံချိန်တွင် ဆည်ပေါင်မှ ရေကျော်နိုင်ခြင်း၊ ခိုင်ခံ့မှုအားနည်းနေ၍ ကျိုးပေါက်နိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အနေအထားတွင် ရှိပါကြောင်း၊ ရေဦးတည်ရာဖြစ်သော မြို့ပေါ်ငါးရပ်ကွက်နှင့် ကျေးရွာငါးရွာတို့တွင် နေထိုင်လျက်ရှိသောပြည်သူ ၂၀၀၀၀ ကျော် တို့၏ အသက်အိုးအိမ်စည်းစိမ်များ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် မြစ်ရေကြီးချိန်တွင် ရေထု အင်အားကြီးသောလားရာအောက်ဘက်ရှိ ငါးရာပြည့်ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်ရှိ ဝန်ထမ်းများ၊ ပြည်သူများ အခြားနေရာသို့ ပြောင်းရွှေ့နေကြပြီး ၎င်းဆည်ပေါင်လမ်း၏ထုထည်ပါးသော နေရာများ၊ နိမ့်သောနေရာများတွင် ရေထိလာပြီဖြစ်သည့်အတွက် ရပ်ကွက်နေပြည်သူများ၊ တာဝန်ရှိသူများ၊ တာဝန်သိသူများ၊ လူမှုရေးအသင်းအဖွဲ့ များက နေ့၊ ညအဆက်မပြတ် အလှည့်ကျစောင့်ပြီး မြေဖို့ခြင်း၊ သဲအိတ်ချခြင်းတို့ကို နှစ်ရက်လုံးကြိုးစား ကာကွယ် ခဲ့ကြရပါကြောင်း၊ ကံအားလျော်စွာ မြစ်ရေပြန်ကျသွားသည့်အတွက် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ဆည်ပေါင်လမ်းကို ကောင်းမွန်စွာပြုပြင်တည်ဆောက်ပေးပါက မြို့၏ကုန်သွယ်လမ်း၊ ဆက်သွယ်ရေး လမ်းတစ်ခုအဖြစ် မြို့အင်္ဂါရပ်နှင့်ညီလာပြီး ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်သည်သာမက ဒေသခံပြည်သူတို့၏ သဘာဝဘေးအန္တရာယ်မှလုံခြုံအောင် ကာကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေစကြိုမြို့နယ် တမာတန်း၊ ဇီးကျွန်းကျေးရွာတို့မှ မြို့သို့ဆက်သွယ်ထားသော ဆည်ပေါင်လမ်းအား ခိုင်ခံ့ကောင်းမွန်အောင် မည်ကဲ့သို့ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသနည်း။ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးပါမည်နည်း။ အစီအစဉ်မရှိ သေးပါက အဘယ့်ကြောင့်ပါနည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။