(စ)-ပုံစံ(၇)ပါ အကွက်၊ မြေစာရင်းကွင်းမြေပုံရှိ အ ကွက်နှင့် မြေပြင်အမှန်ရှိ အကွက်တို့၏ အမှတ်အ တိုင်းအတာ တိုက်ဆိုင်စစ်ဆေးကာ အမှန် ရရှိရေး အတွက် စီမံချက်ချ ဆောင်ရွက်ပေးရန်နှင့် ပုံစံ(၇) များ ထုတ်ပေးခြင်း၊ မြေတိုင်းပြုလုပ်ခြင်းတို့နှင့်စပ် လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိတို့မဲဆန္ဒနယ်ကိုသွားရောက်သည့်အခါ မြေယာပြဿနာများနှင့်ပတ်သက်ပြီး တိုင်ကြားလာမှု များစွာရှိသည့် အတွက် မိမိတို့က ပိုင်ဆိုင်မှုအထောက်အထားများကို တောင်းယူကြည့်ရှုရာတွင် ပုံစံ(၇) များထုတ်ပြသော်လည်း ပုံစံ(၁၀၅) မပါကြပါကြောင်း၊ ကျေးရွာအုပ်စုတစ်စုတည်းတွင် ပုံစံ(၁၀၅)မပါရှိသူ ၁၅၀ ခန့်ရှိပါကြောင်း၊ အဆိုပါ ပုံစံ(၁၀၅) တွင် အလားလေးရပ်တွင် မည်သည့်အကွက်များ၊ မည်သူများရှိသည်ကို ဖော်ပြထားခြင်း မတွေ့ရှိရပါကြောင်း၊ ပုံစံ(၇) တွင် အနားလေးရပ်တွင် မည်သည်နှင့်ထိစပ်နေသည်ကို ဖော်ပြထားခြင်း မရှိသည့်အတွက် အကယ်၍မြေယာအငြင်းပွားမှုများဖြစ်ပွားသည့်အခါ ပုဒ်မ ၄၄၇၊ ၄၂၇ နှင့် စွဲဆိုသည့်အခါ အပြစ်ပေးခံရခြင်းများ အကြိမ်ကြိမ်ဖြစ်ပေါ်နေသည့်အတွက် တောင်သူလယ်သမားများ များစွာဒုက္ခရောက် နေကြပါကြောင်း၊ ပုံစံ(၁၀၅) မပါရှိသည့်အတွက် တောင်သူများ အကြိမ်ကြိမ်ဆင်းရဲဒုက္ခရောက်နေ ရပါကြောင်း၊ ထို့အပြင် မြေစာရင်းဌာနကို တိကျသေချာစွာတိုင်းတာပြီး နေရာပိုင်နက်များကို သတ်မှတ်ပေးရာတွင် အဖြစ်သဘောသာတိုင်းတာပြီး မည်သည့်သတ်မှတ်ချက်မျိုးကိုမှ တိကျစွာမလုပ်ဆောင်ပေးနိုင်ပါကြောင်း၊ မြို့နယ်လယ်ယာ၊စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း တိကျပြတ်သားစွာဖြေရှင်းနိုင်ခြင်း မရှိတော့ဘဲ ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအတွက် များစွာအနှောင့်အယှက်ဖြစ်ရပါကြောင်း၊ စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် လယ်ယာကဏ္ဍကအရေးကြီးပြီး လယ်ယာကဏ္ဍတိုးတက်ရန် တောင်သူများက မိမိတို့လယ်ယာ မြေကို တိုးတက်ရန်အတွက် အမြဲတမ်းစိတ်ဝင်တစားဖြင့် ကြံဆောင်နေရန် လိုအပ်ပါကြောင်း၊ မြေယာ ပိုင်ဆိုင်မှုမတည်ငြိမ်သောကြောင့် အငြင်းပွားမှုများတွင် အချိန်ကုန်နေရသည့်အတွက် တိုင်းပြည်တိုးတက်ရေး အတွက် များစွာအနှောင့်အယှက်ဖြစ်နေရပါကြောင်း၊ မြေစာရင်းမြေပုံဖြင့် တိတိကျကျဖော်ပြထားခြင်း မရှိပါကြောင်း၊ ပုံစံ(၁၀၅) ဆိုသည်မှာ မြေစာရင်း၏မြေကြီးမြေပုံကို ကွက်စိတ်၊ ဦးပိုင်၊ ကွင်းအမှတ်တို့အပေါ် အခြေခံပြီး ပိုင်ရှင်တစ်ယောက်ကို ပြန်လည်မိတ္တူကူးပြီး ပိုင်ဆိုင်သောမြေတွင် ပုံစံ(၁၀၅)ကို ကပ်ပေးသည့်အတွက် ပုံစံ (၁၀၅)မပါရှိပါက အတည်ပြု၍ မရပါကြောင်း၊ သို့သော်လည်း ပုံစံ(၁၀၅)မပါရှိသော ပုံစံ(၇) များ ထွက်ရှိနေသည့် အတွက် ပုံစံ(၇) များ ထပ်နေသည်များ ဖြစ်ပေါ်နေပါကြောင်း၊ အမှန်တကယ်စိုက်ပျိုးခြင်းမရှိဘဲ ဥပမာ- ၅ ဧကသာ စိုက်ပျိုးသော်လည်း ၁၀ ဧက တင်ပြထားပြီး ပုံစံ(၇) ထုတ်ထားခြင်းများ ရှိပါကြောင်း။ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနသည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် အမှန်တကယ်စိုက်ပျိုး တောင်သူများ အထောက်အကူဖြစ်စေရန် စိုက်ပျိုးစရိတ်ချေးငွေဖြစ်သောကြောင့် လယ်ယာမြေမရှိဘဲ ထုတ်ပေးရခြင်းသည် တိုင်းပြည်ဘဏ္ဍာအလေအလွင့်ဖြစ်နေရပါကြောင်း၊ ထို့ကြောင့် ပုံစံ(၇) များဖောင်းပွ နေမှုကြောင့် စိုက်ပျိုးရေးဦးစီးဌာနက မူလရည်ရွယ်ချက်မပျက်စေရန်နှင့် တောင်သူလယ်သမားတို့အချင်းချင်းကြား မြေယာအငြင်းပွားမှုများ ထိရောက်ပီပြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးတို့အတွက် မြေကြီးမြေပုံများကို မှန်ကန်တိကျစွာ တိုင်းတာဖော်ထုတ်စိစစ်ခြင်းကို စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။