(ဂ)-လှိုင်မြို့နယ်၊ ရန်ကုန် တက္ကသိုလ် (လှိုင်နယ် မြေ) ရှိ ပုဂ္ဂလိကသို့ အငှားချထားသော ပျက်စီးယို ယွင်းလျက် ရှိသည့် တက္ကသိုလ် အားကစားရုံအား ပြုပြင်ထိန်းသိမ်းထားရန်နှင့်အသုံးပြုနိုင်ရေးဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
(၁၉)ရာစုကတည်းက မြို့ပြဖွံ့ဖြိုးမှုသည် တစ်ကမ္ဘာလုံးတိုးတက်လာပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင်မြို့ပြလူဦးရေ ၅၀ ရာခိုင်နှုန်းကျော်သွားခဲ့ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေး စောင့်ကြည့်မှုအဖွဲ့၏ ခန့်မှန်းချက်အရယခုနှင့် ၂၀၃၀ ခုနှစ်အတွင်းတိုးပွားလာသည့် ကမ္ဘာ့လူဦးရေအများစုသည်မြို့ပြတွင် နေထိုင်ကြပါကြောင်း၊ ၂၀၅၀ ခုနှစ်တွင်အာရှဒေသ၏ လူဦးရေ ၆၄ ရာခိုင်နှုန်းက အမြင့်ပိုင်းတွင် နေထိုင်သည်ဟု ခန့်မှန်းမိပါကြောင်း၊ လက်ရှိမြို့ပြ လူဦးရေသည် ကမ္ဘာ့ထုတ်ကုန်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေပါကြောင်း၊ယခုနှင့် ၂၀၃၀ ကြား မြန်မာနိုင်ငံ၏ GDP ဖွံ့ဖြိုးမှုသည်လည်း ၅၄ ရာခိုင်နှုန်းမှာ ရန်ကုန်နှင့် အခြားမြို့ပြဒေသကနေ ပေးစွမ်းရမည်ဟု ခန့်မှန်းမိပါကြောင်း၊ထို့ကြောင့် မြို့များသည် နိုင်ငံ့စီးပွားရေးကို လည်ပတ်မောင်းနှင်စေသည့် စက်များဖြစ်ပါကြောင်း၊ မြို့များကပညာသင်လိုသူများ၊ ကျွမ်းကျင်သူများအား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆွဲဆောင်နိုင်ရန်အတွက် အခြေခံအဆောက်အအုံများ၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများ၊ တန်ဖိုးမျှတအိမ်ရာနှင့် ကောင်းမွန်သည့် ပို့ဆောင်ဆက်သွယ်ရေးတို့ လိုအပ်ပါကြောင်း၊တက္ကသိုလ်ကျောင်းသား/သူများနှင့် အများပြည်သူတို့အတွက် ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်သည့် လှိုင်မြို့နယ်တွင်ရှိသည့် တက္ကသိုလ် အားကစားရုံမှာ ယခုပုဂ္ဂလိကကို အငှားချထားပါကြောင်း၊ ပျက်စီးယိုယွင်းလျက်ရှိသည့် တက္ကသိုလ်အားကစားရုံမှာ မိုးများယိုနေသည့်အတွက် အဝတ်များဖြင့် ကြမ်းခင်းသုတ်ပြီး ကစားနေရခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်အားကစားရုံ အဆောက်အအုံသည် ယခင်ကအမျိုးသား အားကစားရုံအမှတ်(၂)အဖြစ် နိုင်ငံအဆင့်ကစားပွဲများ ကျင်းပခဲ့ပါကြောင်း၊ ယခုတက္ကသိုလ် ကျောင်းသား/သူများ၊ အများပြည်သူများ၊ ဖူဆယ်ဘောလုံးကစားရာမှာ တစ်နာရီကိုကျပ် ၁၀၀၀၀ လည်းပေးနေရသည့် အတွက် ၎င်းတက္ကသိုလ် အားကစားရုံကို ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိနှင့် ကျောင်းသား/သူများနှင့် ပြည်သူများအခမဲ့ အလွယ်တကူ ကစားနိုင်ရန်အတွက် စီစဉ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။