(ဃ)-နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စု လူဦးရေစာရင်း(ပုံစံ ၆၆/၆) များကို ဥပဒေနှင့်အညီ အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရေး ပိုမိုကြပ်မတ်၍ အလေးထားဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပြည်သူများအတွက်လိုအပ်နေသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနများသို့ သွားရောက်ဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်းနှင့်သတ်မှတ်နှုန်းထားများထက် ငွေကြေးများပိုမိုတောင်းခံခြင်းရှိနေကြောင်းနှင့် ငွေကြေးမပေးရပါက အကြောင်းအမျိုးမျိုးပြ၍ လိုအပ်ချက်များရှိနေသေးသည်ဟုဆိုကာ ရက်ချိန်းများပေးပြီး အချိန်ကိုလာဘ်စားနေသေးပါကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈) ပုဒ်မ ၃၄၅ ပုဒ်မခွဲ(က)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသောသူများက နိုင်ငံသားများဖြစ်သည်ဟု ပြဋ္ဌာန်းပါရှိပြီး ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအခန်း (၂) ပုဒ်မ ၅ တွင်တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူတိုင်းသည်လည်းကောင်း နိုင်ငံသားများဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါဥပဒေ၏ပုဒ်မ ၆ နှင့် ပုဒ်မ ၇ တွင်မည်သူတို့သည် နိုင်ငံသားဖြစ်သင့်ကြောင်းကိုအတိအလင်းပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ မိမိလွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင် ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်ကတည်းကမှတ်ပုံတင်၊ အိမ်ထောင်စုဇယားတို့ ပြုလုပ်ရန်အခက်အခဲရှိသောမြို့နယ်ရှိပြည်သူများကို ထဲထဲဝင်ဝင်ကူညီဆောင်ရွက်ခဲ့ပါကြောင်း၊မှတ်ပုံတင် ပြုလုပ်မည်ဆိုပါက နိုင်ငံတော်ကတရားဝင်သတ်မှတ်ပြဋ္ဌာန်းထားသည်ကအသစ်ပြုလုပ်သူများကို ၆ ကျပ်နှုန်းဖြင့်ဆောင်ရွက်စေပြီးအပျက်၊ အပျောက်များကို ၁၀ နှုန်းဖြင့်ဆောင်ရွက်ပေးကြောင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များကို နိုင်ငံတော်ကအခမဲ့ဆောင်ရွက်ပေးပါကြောင်း၊ယခုမိမိတို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး၏ဦးဆောင်ညွှန်ကြားမှုဖြင့် ကျေးရွာများအရောက် မှတ်ပုံတင်အသစ်များကိုဆောင်ရွက်ပေးနေပြီးအသက် ၁၀ နှင့်အထက် ကျောင်းသူကျောင်းသားများအတွက်ကို မှတ်ပုံတင်အသစ်ဆောင်ရွက်ပေးခြင်းကိုကျောင်းများသို့ ကိုယ်တိုင်သွားရောက်ပြီးဆောင်ရွက်ပေးနေသည်ကို သိရှိရသည့်အတွက် ယခင်ကထက်များစွာအားရကျေနပ်မိပါသော်လည်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနရုံးများကိုအပျက်၊ အပျောက်များနှင့်အသစ်ပြုလုပ်လိုသူအချို့ကိုယ်တိုင်သွားရောက်ပြီးဆောင်ရွက်နေသူများ အထက်ပါအခက်အခဲများရှိနေသေးပါကြောင်း၊မှတ်ပုံတင်များပြုလုပ်သည့်အခါ စာရွက် စာတမ်းများလိုအပ်ခြင်းရှိနေသူများ၊လိုအပ်သောစာရွက်စာတမ်း၊ အထောက်အထားပါရှိသူများကိုတချို့က သတ်မှတ်နှုန်းထားထက် ပိုတောင်းခြင်းများ၊ အချိန်ကိုလာဘ်စားနေခြင်းများရှိနေသည့်အတွက် ခိုင်လုံသောအထောက်အထားများနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများကိုတိုင်ကြားနိုင်ကြောင်းမိမိတို့ကပြောသော်လည်းအထောက်အထားယူရန် ခက်ခဲကြောင်းနှင့် မတိုင်ကြားရဲကြပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများကပြည်သူ့လခကိုစားနေသောဝန်ထမ်းများဖြစ်သည့်အတွက်မိမိဌာနကိုရောက်လာသော ပြည်သူများကိုအဆင်ပြေချောမွေ့စေရန် အတွက် စေတနာသန့်သန့်ဖြင့်လုပ်ထုံးလုပ်နည်းနှင့်အညီကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း၊ ထို့ကြောင့်ပြည်သူများအတွက် လိုအပ်လျက်ရှိနေသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များကိုဥပဒေနှင့်အညီအဆင်ပြေချောမွေ့စွာရရှိရေးအတွက် မိုပိုကြပ်မတ်အလေးထားဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါကမည်သို့စီစဉ်ဆောင်ရွက်ပေးသွားမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။