(စ)-မင်းတပ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးမှူးရုံးတည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-01

မေးခွန်း အကြောင်းအရာ 

nay lin aung၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များဆိုသည့်အခန်းတွင်ပုဒ်မ ၃၄၅ မှပုဒ်မ ၃၉၀ အထိပုဒ်မပေါင်း ၄၆ ခုနှင့် နိုင်ငံသားတို့၏ အခွင့်အရေးများကို ပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊၎င်းအခွင့်အရေးများကိုရရှိခံစားနိုင်ရန် နိုင်ငံသားတစ်ယောက်ဖြစ်မှသာရရှိခံစားနိုင်မည် ဖြစ်သည့်အတွက် နိုင်ငံသားတစ်ယောက်ဖြစ်ခွင့်ကိုထုတ်ခွင့်ရှိသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ရုံးများကလည်းမဖြစ်မနေရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊မင်းတပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနခရိုင်ရုံးကို ၂၀၀၃ ခုနှစ်ကစပြီးမင်းတပ်မြို့နယ်ရှိ ပြည်သူတစ်ဦး၏အိမ်တွင်ယနေ့အချိန်အထိငှားရမ်းပြီးဖွင့်လှစ်ထားရခြင်း ဖြစ်သည့်အတွက်ဝန်ထမ်းများအနေဖြင့်လည်းအခက်အခဲများဖြစ်ပြီး ပြည်သူများ၏ တာဝန်များကိုထမ်းဆောင်သည့် နေရာတွင်လည်းအခက်အခဲများ ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ရန် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ စီမံကိန်းတွင်လည်းနိုင်ငံ့ဝန်ထမ်းများသည် လုပ်ငန်းခွင်တွင်ပျော်ရွှင်ရန် အရေးကြီးသည့်အချက် တစ်ခုဖြစ်ပါကြောင်း၊ယခုလိုလုပ်ငန်းခွင်ပျော်ရွှင်မှသာလျှင်လည်းနိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဂုဏ်သိက္ခာနှင့်ညီသည့် ရုံးများရှိရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးကလည်းဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့တွင် သာစည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးအားဝန်ကြီးဖြေကြားသွားသည်မှာ အန္တရာယ်ရှိသောအဆောက်အဦများကို ဦးစားပေးပြုပြင်ပေးမည်ဟုလည်းဖြေကြားခဲ့သဖြင့်မြေနေရာရှိသောမြို့နယ်များတွင်လည်း အဆောက်အဦသစ်များကိုဦးစားပေး တည်ဆောက်ပေးမည်ဟုလည်း ဖြေကြားလျက်ပါကြောင်း၊ မင်းတပ်မြို့နယ်ဆိုလျှင်မင်းတပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးတည်ဆောက်ရန်အတွက်လည်းမြေနေရာအဆင်သင့်ရှိပါကြောင်း၊ ထို့အပြင် မြို့နယ် ရုံးအတွင်းမှာလည်း ၂.၈၈ ဧကရှိသည့်အတွက် မင်းတပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးကို မြို့နယ်ရုံးနှင့်ယှဉ်တွဲဖွင့်လှစ်ပေးမည်ဆိုပါကလည်းအဆင်ပြေသည့်အတွက်ကြောင့် ပြည်သူ၏ ဝန်ထမ်းအနေဖြင့်လည်း ပြည်သူ့တာဝန်ကိုထမ်းဆောင်သည့်အခါတွင်လည်းတစ်ချိန်၊ တစ်ခါတည်းတစ်နေရာတည်းနှင့် လုပ်ငန်းများကိုကျေကျေပွန်ပွန်တာဝန်ထမ်း‌ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ထို့ကြောင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးကိုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည်ဆိုပါကမည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။