အစိုးရလျှပ်စစ်သုံးစွဲခများအကြွေးတင်ကျန်ရှိနေရခြင်းအပေါ် မည်သို့ဖြေလျှော့ပေးနိုင်မည်နှင့် မီတာခခန့်မှန်းကောက်ယူမှုဖြင့် တာဝန်မကျေပွန်မှုကိုမည်သို့အရေးယူမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိမဲဆန္ဒနယ်ကပြည်သူလူထုတချို့သည်မီတာခကိုလစဉ်ပုံမှန်သွင်းပါလျက်ရှိသော်လည်းယခင် ပေးသွင်းလျက်ရှိသော မီတာခထက် ပိုမိုပေးသွင်းခဲ့ရသည့်အတွက် မီတာနံပါတ်ကိုမှတ်သား၍ သုံးစွဲယူနစ်တိုက်ဆိုင်စစ်ဆေးရာခဲ့ရာတစ်လလျှင်ယူနစ် ၃၀၀ ပိုမိုကောက်ခံနေတာကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကိုသွားရောက်မေးမြန်းရာမီတာဖတ်သမားသည်စိတ် မှန်းဖြင့် မီတာများကိုဖတ်ခဲ့ခြင်းကြောင့် အကြွေးကျန် သုံးသိန်းနီးပါးရှိနေသည်ကို ပြန်လည်ကောက်ခံနေခြင်း ဖြစ်သည် ဟူ၍ ဖြေရှင်းခဲ့ပါကြောင်း၊ သုံးစွဲသူအနေဖြင့်လစဉ်လည်း မီတာခများပုံမှန်ပေးသွင်းမီတာသည့်အတွက် သုံးစွဲသည့် မီတာကိုစစ်ဆေးခဲ့ခြင်းမရှိပါကြောင်း၊ ပုံမှန်ယူနစ် ၄၀၀ ခန့်သာသုံးစွဲခြင်းဖြစ်သောကြောင့် သုံးသိန်းဆိုသည်မှာနှစ်ကာလဖြင့်တွက်ချက်ပါကနှစ်နှစ်ကျော်ကျော်ခန့်ကိုခန့်မှန်းကောက်ခြင်းမျိုး ဖြစ်နေသည့်အပေါ်လည်းယုံကြည်ခြင်းမရှိပါကြောင်း၊ထို့ကြောင့် ယင်းကျသင့်သည်မီတာကြွေးများကိုလျှော်ပစ်ပေးစေလိုပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့်ပေါင်းစပ်ညှိနှိုင်းရာ ၎င်းတို့အနေဖြင့်လျှော်ပစ်ရန်ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း မီတာဘောက်အလုံးတစ်သောင်းကျော် ကိုတရားဝင်ဝန်ထမ်းသုံးဦးသာခန့်ထားနိုင်သည့်အတွက် ယင်းကဲ့သို့မှားယွင်းခြင်းမျိုးများတွေ့ကြုံရခြင်းသည် ဟု ပြန်လည်ဖြေကြားပါကြောင်း၊ ထို့ကြောင့် ပြည်နယ်လျှပ်စစ်ဝန်ကြီးရုံးနှင့် ထပ်မံပေါင်းစပ်ညှိနှိုင်းခဲ့ရာပြည်နယ်လျှပ်စစ်ဝန်ကြီးအနေဖြင့်လည်းဝန်ထမ်းလုံလောက်ခြင်းမရှိခြင်းကြောင့် ယင်းသို့ဖြစ်တတ်ပါ ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုဘတ်ဂျက်တင်ပါက ဖြတ်တောက်ခြင်းမပြုပါရန်တင်ပြ ပြောကြားခဲ့ပါကြောင်း၊ ၎င်းဝန်ကြီးကိုယ်တိုင်ပင် လျှပ်စစ်ဝန်ကြီးမဖြစ်ခင်က ၃၀၀၀ ဖိုးကျော်ခန့်ကိုပေးဆောင်ခဲ့သည်ကိုလည်းသိရှိရပါကြောင်း၊သာမန်ပြည်သူလူထုအများစုသည်စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရခြင်းကြောင့်မီတာကိုသုံးစွဲယူနစ်စစ်ဆေးခြင်းမရှိသကဲ့သို့ ဘောင်ချာများကိုလည်းသိမ်းဆည်းခြင်းလည်းမရှိပါကြောင်း၊လျှပ်စစ်ဓာတ်အားသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက်အဓိကလိုအပ်သောအခြေခံဝတ္တုပစ္စည်းဖြစ် သကဲ့သို့ယင်းကဏ္ဍကြီးတိုးတက်လာဖို့အတွက်လည်း ပြည်သူလုထုပါဝင်ရန် အထူးအရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့အပေါ်၌စိတ်ချလက်ချယုံကြည်သည့်ဝန်ဆောင်မှုမျိုးကိုပေးနိုင်ရမည်ဖြစ်ပါကြောင်း၊ လူထုယုံကြည်မှုရှိရန်၊လူထုချို့ယွင်းချက်များကို ပြင်ဆင်ရန်ဆိုင်ရာဝန်ကြီးဌာန၏ တာဝန်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကိုဝန်ဆောင်မှုပေးရာတွင် လူထုစိတ်တိုင်းကျဖြစ်ရန်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ထို့ကြောင့် အစိုးရလျှပ်စစ်သုံးစွဲခများအကြွေးတင်ကျန်ရှိနေရခြင်းအပေါ် မည်သို့ဖြေလျှော့ပေးနိုင်မည်နှင့် မီတာခခန့်မှန်းကောက်ယူမှုဖြင့် တာဝန်မကျေပွန်မှုကိုမည်သို့အရေးယူမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။