(က)-တန့်ယန်းမြို့လေယာဉ်ကွင်းသို့လေယာဉ်ခရီး စဉ်ပြန်လည်ပြေးဆွဲရန်အစီအစဉ်ရှိ/မရှိနှင့်အစီအစဉ် မရှိပါကမြေနေရာအားပြန်လည်စွန့်လွှတ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
တန့်ယန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ လေယာဉ်ကွင်းသည် Twin Arthur လေယာဉ်ငယ်များသာ ဆင်းသက်နိုင်သည့် ကွင်းတိုလေးသာဖြစ်ပြီး ၎င်းလေယာဉ်ကွင်းသို့ လေယာဉ်ဆင်းသက် ပြေးဆွဲခြင်း မရှိသည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ လက်ရှိလေယာဉ်ကွင်းသည် မြို့တွင်း လူနေအိမ်များအကြား တည်ရှိနေခြင်း၊ ရေအားလျှပ်စစ်ဓာတ်မီးတိုင်များ စိုက်ထူထားခြင်းတို့ကြောင့် လေယာဉ်ဆင်းသက်ရန် မသင့်သည့်အခြေအနေသို့ရောက်ရှိနေပါကြောင်း၊ ၁၀ ဧကကျော် ကျယ်ဝန်းသည့် လေယာဉ်ကွင်းနေရာအား ပြန်လည်စွန့်လွှတ်ပါက မြို့နယ်၏ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ် ကြက်ခြေနီအဖွဲ့ရုံး၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအိမ်ရာများအတွက် မြေနေရာလိုအပ် လျက်ရှိသည်ကို ဌာနဆိုင်ရာများမှ တင်ပြလာသဖြင့် တန့်ယန်းမြို့နယ်လေယာဉ်ကွင်းသို့ လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲရန် အစီအစဉ်ရှိ/မရှိနှင့် လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲရန် အစီအစဉ်မရှိပါက လိုအပ်သည့် ရုံးမြေနေရာများ၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် လေယာဉ်ကွင်းမြေနေရာအား ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။