(ဂ)-မြန်မာနိုင်ငံသစ်တောဝန်ထမ်းများ၏လုံခြုံရေးအ တွက်ယခင်ကကဲ့သို့ဥပဒေ၊စည်းမျဉ်း၊စည်းကမ်းများ သတ်မှတ်ကာလက်နက်များပြန်လည်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-08-11

မေးခွန်း အကြောင်းအရာ 

u aye naingမြန်မာနိုင်ငံသစ်တောများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ထိန်းသိမ်းနေရပါကြောင်း၊  ထိန်းသိမ်းနေရသည့်သစ်တောများမှာ ကြိုးဝိုင်းတော ၈၂၉ ခု၊ ဧက ၂၉ သန်း ကျော်၊ ကြိုးပြင်ကာကွယ်တော ၃၅၄ ခု၊ ဧက ၁၁ သန်းကျော် စုစုပေါင်း ၄၁ သန်းကျော် စတုရန်းမိုင် ၆၄၀၀၀ ကျော်၊ သဘာဝနယ်မြေ ၄၀ ခု၊ ဧက ၉၆၀၀၀၀၀ ကျော် စတုရန်းမိုင် ၁၅၀၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဝန်ထမ်းများမှ ကွင်းဆင်းသစ်တောဝန်ထမ်း ၅၈၇၂ ဦးရှိသည့်အတွက် သစ်တောဝန်ထမ်းတစ်ဦးလျှင် ဧက ၈၀၀၀ ကျော် ၁၀ စတုရန်းမိုင်ကို ထိန်းသိမ်းစောင့်ရှောက်နေရပါကြောင်း၊     ထို့အပြင် သစ်တောဝန်ထမ်းများ အနေဖြင်‌့ မြန်မာနိုင်ငံ သစ်တောများ ပြုစုပျိုးထောင်နေရမည့် စိုက်ခင်းများကတော့ သစ်တောစိုက်ခင်း ၃၅၀၀၀၀ ကျော်၊ ပုဂ္ဂိကသစ်တောစိုက်ခင်း ၂၈၀၀၀၀ ကျော် ကိုလည်းပြည့်မီအောင်စိုက်ပျိုးနေကြရပါကြောင်း၊ သစ်တောများ၊ သဘာဝနယ်မြေများ ထိန်းသိမ်းကြရာ၌ ပြုစုပျိုးထောင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဓိကအခက်အခဲများမှ သစ်ခိုးထုတ်မှု အန္တရာယ်နှင့် ကန့်သတ်တိရိစ္ဆာန်များ သတ်ဖြတ်ခံရမှုဖြစ်ပါကြောင်း၊ ၁.၄. ၂၀၁၆ ရက်နေ့မှ ယနေ့အချိန်ထိ သစ်တန် ၅၀၀၀၀ ကျော် ဖမ်းဆီးရရှိပါကြောင်း၊  တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက် နေစဉ် ဝန်ထမ်းများအား ရန်ပြုတိုက်ခိုက်ခြိမ်းခြောက်ခံရသည့်ဖြစ်စဉ်များလည်း ရှိပါကြောင်း၊ ပဲခူးရိုးမတစ်ခုတည်းတွင် ၁၆ ကြိမ်တိုက်ခိုက်ခံရပြီး တစ်နိုင်ငံလုံးအနေဖြင့်ကတော့ အရာထမ်းတစ်ဦး၊ အမှုထမ်းရှစ်ဦး နိုင်ငံတော်အတွက်အသက်စွန့်လွှတ်ခဲ့ပြီးတော့ ၄၀ ဦးကပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ပါကြောင်း၊

သစ်ခိုးထုတ်မှုအပြင် တောရိုင်းတိရိစ္ဆာန်များ ဆင်၊ ကျား၊ ကျားသစ်၊ ရွှေသမင်နှင့် ကန့်သတ် ရှားပါးတိရိစ္ဆာန်များ သတ်ဖြတ်ခံရမှုဟာလည်းရှိနေပါကြောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ဆင် သတ်ဖြတ်သေဆုံးမှုအကောင်ရေက ၁၄၇ ကောင်ရှိပါကြောင်း၊ ယခင်က သစ်တောဝန်ထမ်းများ လုံခြုံရေးနှင့် သစ်တောထိန်းသိမ်း စောင့်ရှောက်ရေးအတွက် လက်နက်များတပ်ဆင်ပေးခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ပြန်လည်အပ်နှံခဲ့ရသဖြင့် သစ်တောဝန်ထမ်းများ လုံခြုံမှုအားနည်းခဲ့ကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ အချိန်ကာလတွင် အမှန်တကယ်လိုအပ်နေသော မြန်မာနိုင်ငံသစ်တောများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ တာဝန်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ သစ်တောဝန်ထမ်းများ အတွက် ယခင်ကကဲ့သို့ စနစ်တကျလေ့ကျင့်၍ ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ကာ သေနတ်၊ လက်နက်များ ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် တပ်ဆင်ပေး၍ အစီအစဉ်မရှိပါက မည်ကဲ့သို့သစ်တောဝန်ထမ်းများလုံခြုံရေးကို ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။