(ဃ)-ကော့သောင်းခရိုင်တွင် ခရိုင်ပညာရေးမှူးရုံး ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
၂၀၁၆-
၁၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုမှာ ကော့သောင်းမြို့နယ်တွင် အထက်တန်းအဆင့်သင်ကျောင်း ၁၂ ကျောင်း၊ အလယ်တန်းအဆင့်သင်ကျောင်း ၃၅ ကျောင်း၊ မူလတန်းအဆင့်သင်ကျောင်း ၅၀ ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း ၉၇ ကျောင်းရှိပါကြောင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အထက်တန်းအဆင့်သင်ကျောင်း ၉ ကျောင်း၊ အလယ်တန်းအဆင့်သင်ကျောင်း ၃၄ ကျောင်းနှင့် မူလတန်းအဆင့်သင်ကျောင်း ၅၂ ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း ၉၅ ကျောင်းရှိပြီး ခရိုင်တစ်ခုလုံးဆိုလျှင် အခြေခံပညာကျောင်းပေါင်း ၁၉၂ ကျောင်းရှိပါကြောင်း၊ နောက်ထပ်အခြေခံပညာ မူလတန်းကျောင်းများနှင့် အဆင့်တိုးမြှင့်ဖွင့်လှစ်ရန် လိုအပ်နေသည့် ကျောင်းများလည်း အများအပြား ကျန်ရှိနေပါသေးပါကြောင်း၊ ယခုလက်ရှိတွင် ကော့သောင်းခရိုင် ပညာရေးလုပ်ငန်းများကို မြိတ်ခရိုင်စု ပညာရေးမှူးရုံး၏ ကွပ်ကဲမှုအောက်တွင် ရှိပါကြောင်း၊ ခရိုင်အတွင်းရှိ နှစ်မြို့နယ်လုံးသည် ပင်လယ်ကျွန်း ကျေးရွာများနှင့် ဖွဲ့စည်းတည်ရှိသော မြို့နယ်များဖြစ်ပါကြောင်း၊ ယခုလို မိုးရာသီဆိုလျှင် ပင်လယ်ရွာများတွင် တာဝန်ကျနေသည့် ဆရာ/မများ မြို့အားသွားရောက် လစာထုတ်ရန် မလွယ်ပါကြောင်း၊ ကုန်းတွင်းပိုင်း ကျေးရွာများတွင်လည်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်သာ ဆက်သွယ်ရေးကောင်းပြီး ကျေးရွာချင်းဆက်လမ်းများသည် တစ်ခုမှကောင်းမွန်ခြင်း မရှိပါကြောင်း၊ မြိတ်မြို့နှင့်ဘုတ်ပြင်းမြို့သည် ၁၄၇ မိုင် ၂ ဖာလုံ ကွာဝေးပြီး မြိတ်နှင့်ကော့သောင်းသည် ၂၇၆ မိုင်ကွာဝေးပါကြောင်း၊ မြိတ်ခရိုင်ပညာရေးမှူးသည် ကော့သောင်းခရိုင်အတွင်း ခရိုင်အဆင့်ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်မှုမရှိဘဲ အားနည်းခက်ခဲနေသည်ကို တွေ့ရှိရပါကြောင်း၊ ကျောင်းအဆင့်တိုးမြှင့်ရေး လျှောက်ထားခြင်းနှင့် အခြားပညာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်သည့်အခါ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် မြိတ်ခရိုင်ပညာရေးမှူးရုံးများကို သွားရသည့်အခါမျိုးများတွင် ပညာရေးဝန်ထမ်းများ ဘုတ်ပြင်းမှတောင်ဘက် ကော့သောင်းမြို့သို့ မြောက်ဘက်နားက မြိတ်မြို့သို့လည်းကောင်း ပင်ပန်းကြီးစွာ လုပ်ငန်းဆောင်ရွက် ရပါကြောင်း၊ စတုတ္ထတန်းခရိုင်စစ် စာမေးပွဲများကိုလည်း ကော့သောင်းခရိုင်စုအနေဖြင့် စစ်ဆေးခြင်းဖြစ်သည့်အတွက် ခရိုင်ပညာရေးမှူးမရှိခြင်းကြောင့် အခက်အခဲဖြစ်နေရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကော့သောင်းခရိုင်ပညာရေးမှူးရုံးကို အမြန်ဆုံးဖွင့်လှစ်ပေးမည်ဆိုပါက ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ရှိ ပညာရေးဝန်ထမ်းများအနေဖြင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုလွယ်ကူလျင်မြန်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပြီးစီးနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်စေရန်အတွက် ပညာရေးကဏ္ဍအဆင့်အတန်း မြင့်မားလာအောင် အထူးကြိုးပမ်း ဆောင်ရွက်နေသည့် အချိန်ဖြစ်ပါကြောင်း၊ ကော့သောင်းခရိုင်ရှိ ပင်လယ်ဒေသသည် ပညာရေးပိုင်းတွင် နိမ့်ကျလျက်ရှိခြင်းကြောင့် ခရိုင်ပညာရေးမှူးရုံး ဖွင့်လှစ်ခွင့်ရမည်ဆိုလျှင် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အခြားသောဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်မည် ဖြစ်ပြီး ပညာရေးကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသဖြင့် ခရိုင်ပညာရေးမှူးရုံး ဖွင့်လှစ်ပေးနိုင်ပါရန် ကော့သောင်းခရိုင်ပညာရေး ဝန်ထမ်းများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။